၀န်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှုတွင် ပါဝင်သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် သီးခြားရန်ပုံငွေထားရှိ အသုံးပြုမှုများ၌ မင်္ဂလာလက်ဖွဲ့၊ ဧည့်ခံစရိတ် စသော သာရေးနာရေးခေါင်းစဉ်များနှင့် NLD ပါတီနှင့်သက်ဆိုင်သည့် ငွေစာရင်းခေါင်းစဉ် ပါရှိနေ

၀န်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှုတွင် ပါဝင်သည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် သီးခြားရန်ပုံငွေထားရှိ အသုံးပြုမှုများ၌ မင်္ဂလာလက်ဖွဲ့၊ ဧည့်ခံစရိတ် စသော သာရေးနာရေးခေါင်းစဉ်များနှင့် NLD ပါတီနှင့်သက်ဆိုင်သည့် ငွေစာရင်းခေါင်းစဉ် ပါရှိနေ
Published 5 September 2020
ကျော်ဇင်ဝင်း၊ မခိုင်

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံခဲ့ရသည့် ကိစ္စရပ်နှစ်ခုအနက် တစ်ခုဖြစ်သည့် စက်ယန္တရားငှားရမ်းခနှင့် အခြားမှရရှိငွေများအပေါ် သီးခြားရန်ပုံငွေ ထားရှိအသုံးပြုမှု၌ မင်္ဂလာလက်ဖွဲ့၊ ဧည့်ခံစရိတ် ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့မှုစသည့် သာရေးနာရေးထောက်ပံ့မှု ခေါင်းစဉ်များနှင့် ဝေဖန်ခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့်သက်ဆိုင်သည့် ငွေစာရင်း ခေါင်းစဉ်တို့ ပါဝင်နေကြောင်း ယင်းစက်ယန္တရား ငှားရမ်းခနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ပြည်နယ်စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်လွှတ်တော်၏ တာဝန်ပေးချက်အရ ပြည်နယ်စာရင်းစစ်ချုပ်ရုံးက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ လွိုင်ကော်မြို့၏ စက်ယန္တရားဝယ်ယူမှု၊ ငှားရမ်းခများရရှိမှု၊ ပြင်ဆင်စရိတ်များ သုံးစွဲမှုနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ပြည်နယ်စာရင်းစစ်ချုပ် အစီရင်ခံစာဖော်ပြချက်အရ လက်ရှိတွင် ဝေဖန်ခံနေရသည့်ကိစ္စမှာ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် NLD ပုံမှန်အစည်းအဝေး (ရန်ကုန်) ခေါင်းစဉ်ဖြင့် ကျပ် ၁၀ သိန်းဖြစ်ပြီး နောက်ထပ်ခေါင်းစဉ်တစ်ခုအဖြစ် ပြည်နယ်ခန်းမ၌ ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီအစည်းအဝေး ကုန်ကျစရိတ် ကျပ် ၅၂၂၀၀၀ အသုံးပြုထားသည်ကို တွေ့ရသည်။

ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာအရ စက်ယန္တရားငှားရမ်းခနှင့် အခြားရငွေ ခေါင်းစဉ်များမှရရှိငွေများ ပြန်လည်အသုံးပြုရာတွင် စက်ယန္တရားငှားရမ်းခရာခိုင်နှုန်း ၂၀ အား ဌာနဆိုင်ရာ ငွေစာရင်းသို့ ပေးသွင်းခြင်း၊ သာသနာရေး လှူဒါန်းထောက်ပံ့ခြင်း၊ ပညာရေးထောက်ပံ့ခြင်း၊ ဝန်ကြီးချုပ်ခရီးစဉ်ကုန်ကျစရိတ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းအသုံးစရိတ်၊ လုံခြုံရေး ပြန်/ဆက်ဝန်ထမ်း လစဉ်ထောက်ပံ့ခြင်း၊ အရင်းမပျောက် မတည်ငွေထုတ်ပေးခြင်း၊ ပြည်နယ်အတွင်းရှိများမြို့များတွင် လုံခြုံရေးဂိတ်များ ဆောက်လုပ်ခြင်း၊ ကျန်းမာရေးအသုံးစရိတ်နှင့် အားကစားအတွက် ထောက်ပံ့ခြင်း၊ အထွေထွအသုံးစရိတ်၊ လူမှုရေးအသင်းလှူဒါန်းငွေ၊ စက်ယန္တရားနှင့် မော်တော်ယာဉ်ပြင်ဆင်မှုစရိတ် စသည့်ခေါင်းစဉ်များအောက်တွင် အသုံးပြုထားခြင်းဖြစ်ပြီး အသုံးပြုငွေအသေးစိတ်ကို ဖော်ပြထားသည်။

ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရာတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြစ်သည့် စက်ယန္တရားများငှားရမ်းခအား NLD ပါတီဝင်များနှင့် ပါတီအစည်းဝေးအတွက်သုံးစွဲထားပြီး အသုံးစာရိတ်ပြေစာအများစုမှာ ငွေရငွေပေး လက်မှတ်ထိုးပြေစာများ ဖြစ်နေသည်ကို စာရင်းစစ်ချုပ်အစီရင်ခံစာအရ မှတ်တမ်းများရရှိသဖြင့် အစီရင်ခံစာရေးသားခြင်း ဖြစ်ကြောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် စစ်ဆေးရန်ခဲ့သည့် ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြောကြားသည်။

“ အစိုးရတစ်ရပ်ဖြစ်လာပြီးဆိုရင် ပါတီကိစ္စတွေကတော့ သီးသန့်စီ ခွဲထားဖို့လိုတယ်။ အခုဟာက ဒီပါတီက အစိုးရဖြစ်လို့ ပါတီရေးရာကိစ္စမှန်သမျှ အစိုးရက တာဝန်ယူဆောင်ရွက်ရတယ်ဆိုတဲ့ဟာမျိုး ဘယ်ဥပဒေမှမရှိပါဘူး။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီး တွေ့ရှိထားတာကတော့ ပါတီသုံးနေတာရှိတယ်။ ကိုယ်ရေးကိုယ်တာတွက်သုံးတဲ့ဟာ ရှိတယ်။ နောက်အစိုးရအောက်မှာမရှိတဲ့ ရဲတပ်ဖွဲ့တွေကို ထောက်ပံ့တဲ့ကိစ္စတွေလည်း ပါတာပေါ့။ ဖွဲ့စည်းပုံအရပြောပြော ဥပဒေအရပြောပြော လွဲချော်တယ်လို့ ကျွန်တော်တို့က တွေ့ရှိရတယ်” ဟု ခူးသဲရယ်က ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဦးအောင်မြင့်နှင့်အဖွဲ့အား ဧည့်ခံကျွေးမွေးခြင်း ခေါင်းစဉ်ဖြင့်ကျပ် ၂၄၀၀၀၀၊  (NLD သဘာပတိအဖွဲ့ဝင်) ဦးဝင်းထိန်နှင့်အဖွဲ့အား ဧည့်ခံကျွေးမွေးစရိတ်ခေါင်းစဉ်ဖြင့် သုံးသိန်း၊ လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း ခေါင်းစဉ်ဖြင့် ၃၅၀၀၀၊ ဦးဝင်းထိန် သမီးမင်္ဂလာဆောင်လက်ဖွဲ့ငွေခေါင်းစဉ်ဖြင့် ကျပ်နှစ်သိန်း၊ ယခင်အစိုးရလက်ထက် ကယားပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးခင်မောင်ဦးဖခင်နာရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ယခင်အစိုးရလက်ထက် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကျော်ဆွေနာရေးထောက်ပံ့ခြင်း ခေါင်းစဉ်ဖြင့် ငါးသောင်းကျပ်၊ ဒေါက်တာစံရွှေအောင် (ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးအဖွဲ့ဝင်) နှင့်အဖွဲ့ တည်းခိုစရိတ်နှင့် လက်ဆောင်ဝယ်ခြင်းခေါင်းစဉ်ဖြင့် ကျပ်ခြောက်သိန်းကျော်၊ ဘာသာရေးဆိုင်ရာလှူဒါန်းမှုများ၊ ဒေသဖွံ့ဖြိုးရေးလှူဒါန်းမှုများ စသည့်ခေါင်းစဉ်များလည်း သီခြားရန်ပုံငွေ အသုံးပြုမှုတွင် ပါဝင်သည်။

စာရင်းစစ်ချုပ်အစီရင်ခံစာအရ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများထဲမှ ပါတီအတွက်အသုံးပြုခြင်းနှင့် ခင်မင်ရင်းနှီးသူများ၏ သာရေးနာရေးများတွင် သုံးစွဲထားသည်ကိုတွေ့ရှိရသဖြင့် မဖြစ်သင့်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောကြားသည်။

“ဒါကတော့ မဖြစ်သင့်ပါဘူး။ တကယ့်တကယ်ဆို ကျွန်တော်တို့ဆိုလည်း သွားရတာပဲလေ။ ကျွန်တော်တို့ အိတ်ထဲကပဲ လှူရတာပေါ့။ အခုဟာကျတော့ ပြောမယ်ဆို ဒါကဘယ်သူမှ မသိလောက်ဘူးပေါ့။ သူ့အဝိုင်းအဝန်းပဲ သိမယ်ဆိုပြီးမှ လုပ်သွားတဲ့ကိစ္စတွေပေါ့။ ဒါနဲ့ပတ််သက်ပြီးမှလည်း ကျွန်တော်တို့တော့ မီးခိုးကြွက်လျှောက်တော့ လာမယ်လို့တော့ ထင်ပါတယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာကလည်း အားလုံးပြီးပြည့်စုံတယ်တော့ မဟုတ်ပါဘူး။ ဒီရှေ့မှာလည်း ရှိပါတယ်။ ဒီမှာလည်း ပါပြီးသားပဲ ကျွန်တော်ဖတ်ရပါတယ်။ ဒီတချို့ကုမ္ပဏီနှစ်ခုဆို လာအစစ်မခံဘူးပေါ့။ ဒါလည်းပဲဝန်ကြီးချုပ်နဲ့ ပိုင်တဲ့ကုမ္ပဏီပဲလေ။ နန်းအေးရိပ်တို့ဘာတို့ဆို လာအစစ်မခံဘူး။ စာရင်းစစ်ချုပ်ခေါ်တဲ့အချိန်မှာ အစီရင်ခံစာထဲမှာ ပါပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက သတင်းထောက်များအား ပြောကြားသည်။

ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရသည့် စက်ယန္တရားများသည် ယခင်အစိုးရလက်ထက်ကတည်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ငှားရမ်းခရငွေများကို ယခင်ပြည်နယ်အစိုးရအဖွဲ့ သီးခြားရန်ပုံငွေတွင် ထားရှိခြင်းအား ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ချိန်တွင်လည်း ယခင်ကဲ့သို့ပင် သီးခြားရန်ပုံငွေ ဆက်လက်ထားရှိအသုံးပြုခဲ့ခြင်းအပေါ် ပြည်နယ်လွှတ်တော်က ၂၀၁၈ ခုနှစ်တွင် စစ်ဆေးတွေ့ရှိပြီးနောက် စက်ယန္တရားများကို ပြည်နယ်အစိုးရက လေလံတင်ရောင်းချမည်ဟု ကတိပေးခဲ့ပြီး ယခုနှစ်အတွင်း ရောင်းချခဲ့ပြီးဖြစ်သော်လည်း ထိုစဉ်က ဘဏ္ဍာငွေများအသုံးပြုခဲ့မှုသည် ဥပဒေနှင့်မညီဘဲ သုံးစွဲခဲ့သည်ဟုဆိုကာ ယခုစွပ်စွဲပြစ်တင်မှုတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။  

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား တာဝန်မှရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၂၄/၂၀၂၀) ကို စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ အမိန့်စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င) ၊ ပုဒ်မခွဲငယ် (၂) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှရပ်စဲလိုက်ကြောင်း ဖော်ပြထားသည်။

လစ်လပ်သွားသည့် ကယားပြည်နယ်ဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဘော့စ်ကိုအား ခေတ္တဝန်ကြီးချုပ်တာဝန်ကို ပူးတွဲပေးအပ်ကြောင်း နိုင်ငံတော်သမ္မတက ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ စက်တင်ဘာ ၃ ရက်၌ပင် အကြောင်းကြားစာပေးပို့ထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်အားစွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ်၂၀ အနက် ၁၆ ဦးက ထောက်ခံပြီး လေးဦးက ကန့်ကွက်ခဲ့သဖြင့် ထောက်ခံမဲများသောကြောင့် ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့သည်။

အများပြည်သူပိုင်မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းအားဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှုအောင်မြင်သဖြင့် ယင်းလုပ်ငန်းစီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေသည်ဟူ၍လည်းကောင်း၊ စက်ယန္တရားငှားရမ်းခငွေများကို သီးခြားရန်ပုံငွေ ထားရှိခြင်းကြောင့်ဟူ၍လည်းကောင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တိုင်တန်းထားမှုနှင့်ပတ်သက်၍ ကယားပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ဝန်ကြီးချုပ်အား လေးကြိမ်တိုင်တိုင် ခေါ်ယူမှုအပေါ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးအံ့မော်သာ လာရောက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူမစုံခြင်းနှင့် စစ်ဆေးရေးအဖွဲ့တွင် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်သူများ ပါဝင်နေသဖြင့် အဖွဲ့ဝင်ချိန်းပေးရန် တောင်းဆိုခြင်းပြုလုပ်ခဲ့ကာ စွပ်စွဲမှုများအပေါ် တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိခဲ့သဖြင့် သြဂုတ် ၂၈ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် တိုင်တန်းတင်ပြမှုတွင် ပါဝင်သည့် ငါးဦးအနက် တစ်ဦးက ၎င်းအနေဖြင့် ဝန်ကြီးချုပ်အားစွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ဖိအားပေးမှုများကြောင့် လက်မှတ်ရေးထိုးရခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌသည် NLD ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်မရွေးချယ်သည့်အပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့် လက်မှတ်ရေးထိုးထားမှုမှ နုတ်ထွက်ကြောင်း ကယားပြည်နယ်လွှတ်တော်သို့ စာပြန်လည်ပေးပို့ခဲ့သည်။  

သို့ရာတွင် စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးမှုမှ ပြန်လည်နုတ်ထွက်သည့် လွှတ်တော်ကိုယ်စားလှယ်အား တရားဝင်မေးမြန်းခဲ့ရာတွင် ပြန်လည်နုတ်ထွက်ရသည့်အကြောင်းမှာ ဖြေရခက်ကြောင်းသာ The Daily Eleven သတင်းစာကို ပြောကြားထားသည်။

ကယားဝန်ကြီးချုပ်အား ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းဖြစ်စဉ်တွင် ပြည်နယ်လွှတ်တော်ဥက္ကဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဟု ရှု​မြင်သုံးသပ်ကြောင်း NLD ပါတီက စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

 

 

 

 

Most Read

Most Recent