လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ
Published 3 September 2020

ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်၏ စမှတ်ဖြစ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် ခိုင်မာသော ဒီမိုကရေစီသို့ ရွေ့လျားကူးပြောင်းကြရမည်ဟု ဆိုကြသည်။ သို့သော် ရွေးကောက်ပွဲများကို လေ့လာကြည့်မည်ဆိုပါကလည်း လွတ်လပ်၍ တရားမျှတပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟပ်သော ရွေးကောက်ပွဲများ ရှိသကဲ့သို့ အာဏာရှင်စနစ် တရားဝင်ဖြစ်ရေးအတွက်ကျင်းပသော ဟန်ပြရွေးကောက်ပွဲများ၊ မသမာမှုများနှင့် ပြည့်နှက်နေသော ရွေးကောက်ပွဲများလည်း အများအပြားရှိသည်ကို တွေ့နိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီကူးပြောင်းစနိုင်ငံများတွင် ပို၍ အတွေ့ရများသည်။ ထို့ကြောင့် ရွေးကောက်ပွဲများ ရှိရုံဖြင့် ဒီမိုကရေစီစနစ် ထွန်းကားပြီဟု မဆိုနိုင်သေးဘဲ ရွေးကောက်ပွဲများကို ဒီမိုကရေစီ စံချိန်စံညွှန်းများဖြင့် တိုင်းတာ၍ အကဲဖြတ်ကြရခြင်းဖြစ်ပြီး ယင်းစံနှုန်းများကို အနီးစပ်ဆုံးပြည့်မီပြီး ရွေးကောက်ပွဲရလဒ်များကို သက်ဆိုင်ရာအင်အားစု အားလုံးက အမှန်တကယ် လက်ခံလိုက်နာကျင့်သုံးမှသာ ဒီမိုကရေစီသို့ ကူးပြောင်းသွားနေပြီဟု ဆိုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပရေးနှင့် ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးတို့သည် ဒီမိုကရေစီ ရှင်သန်ထွန်းကားရေးအတွက် များစွာအရေးကြီးသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြောင်းရွှေ့မည်ဆိုပါက အောက်တိုဘာတွင် ကြေညာသွားရန်ရှိကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာ၏ မေးမြန်းမှုကို ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလတွင် COVID-19 ရောဂါပိုး တွေ့ရှိမှု များပြားလာနေသည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် ရှိသလားဟု မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ရွှေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့။ ရွှေ့ရင် အောက်တိုဘာလမှ ကြိုတင်ပြီး ပြောမှာပေါ့။ ရွှေ့ဖို့ရှိလာရင်တော့ ခါတိုင်းကလည်း အောက်တိုဘာမှာ ပြောနေတာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မကြာမီကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည့် လူစုလူဝေး မဖြစ်စေရန် တားမြစ်ထားချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်ခြင်းကို မကြာမီ ကာလအတွင်း တိတိကျကျ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ “မဲဆွယ်တဲ့ကာလကို တိတိကျကျ ထုတ်ပြန်မယ်။ အိမ်တိုင်ရာရောက် မဲဆွယ်မယ်တို့၊ အဆောက်အအုံအတွင်း မဲဆွယ်မယ်တို့၊ ကွင်းပြင်မှာ မဲဆွယ်မယ်တို့ အတိအကျ ထုတ်ပြန်မယ်။ သေသေချာချာ ကြိုတင်ပြီးလုပ်ထားတယ်။ မကြာခင်မှာ မဲဆွယ်စည်းရုံးတာ ဘယ်လိုလိုက်နာကြရမယ်ဆိုတာကို မကြာခင် ထုတ်ပြန်မယ်” ဟု  ၎င်းက ဆိုသည်။

၎င်းအပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “၀” ဒေသရှိ မြို့နယ် ငါးမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်မရှိကြောင်း ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ စက်တင်ဘာ ၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နယ်မြေလုံခြုံရေးအခြေအနေများအရ ရွေးကောက်ပွဲ မကျင်းဖြစ်မည့် နေရာများနှင့်ပတ်သက်၍ မည်မျှရှိပါသလဲဆိုသည့် မီဒီယာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေ မည်မျှရှိသည်ကို ကော်မရှင်အနေဖြင့် မည်သို့ခန့်မှန်းထားသနည်းဆိုသည့် မေးမြန်းမှုအပေါ် ဦးမြင့်နိုင်က “အခုကတော့ အများကြီး မရှိပါဘူး။ ရခိုင်ထဲပဲ။ ခုနကပြောတဲ့ “၀”  ဒေသ ငါးမြို့နယ်နဲ့ ရခိုင်ထဲက မြို့နယ်တချို့ပေါ့။ နှစ်မြို့နယ်လောက်ပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လွန်ခဲ့သည့်လများအတွင်း ကမ္ဘာ့နိုင်ငံအများအပြား COVID-19 ရောဂါကြောင့် ပြဿနာများနှင့် ရုန်းကန်ခဲ့ကြရပြီး နိုင်ငံအချို့မှာမူ ယင်းရောဂါကို အကြောင်းပြု၍ နိုင်ငံရေးအခွင့်ကောင်းများ ရယူခဲ့ကြသည်။ ဥပမာအားဖြင့် ဇူလိုင် ၁၀ ရက်တွင်ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမတိုင်မီ လူစုလူဝေးဖြင့် မဲဆွယ်ခြင်းကို အစိုးရက တားမြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများသည် အင်တာနက်မှတစ်ဆင့် မဲဆွယ်စည်းရုံးခဲ့ကြရပြီး အိမ်တိုင်ရာရောက် မဲဆွယ်မှုများကိုလည်း အကန့်အသတ်များစွာဖြင့် ဆောင်ရွက်ခဲ့ကြရသည်။ အာဏာရပါတီက COVID-19  ကန့်သတ်ချက်စည်းမျဉ်းများကို အသုံးချပြီး ၎င်းတို့၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထိခိုက်စေခဲ့သည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။ မာလာဝီနိုင်ငံတွင်လည်း COVID-19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုပြီး ဇွန်လအတွင်း ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ရုံမက အတိုက်အခံပါတီက အနိုင်ရသွားသောအခါတွင်လည်း လူစုလူ​ဝေးဖြင့် အောင်ပွဲခံကြသည်။ အီသီယိုးပီးယားနိုင်ငံတွင်မူ ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို COVID-19  အကြောင်းပြ၍ ဝန်ကြီးချုပ် အဘီအာမက်က ရွှေ့ဆိုင်းခဲ့ရာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ပေးထားသည့် ကတိကဝတ်ကို ဖောက်ဖျက်သည်ဟု ဝေဖန်ခံရသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ရောဂါဖြစ်ပွားနေချိန်၌ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ ( စက်တင်ဘာ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent