ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားဟု သံရုံးမှ ထုတ်ပြန်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် တစ်ဒေါ်လာမှ မရရှိဟုဆို

ရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားဟု သံရုံးမှ ထုတ်ပြန်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် တစ်ဒေါ်လာမှ မရရှိဟုဆို
Published 3 September 2020
နေရိုင်း၊ ဇေယျာထွန်း

ရွေးကောက်ပွဲကော်မရှင် အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင် အနေဖြင့် တစ်ဒေါ်လာမှ မရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

စက်တင်ဘာ ၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ထောက်ပံ့ကူညီထားမှုနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်သွားရန် ရှိသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“UEC က တစ်ဒေါ်လာမှမရဘူး။ ရှင်းသွားပြီလား။ ဒါကြောင့်သတင်းတွေက ပြောနေတဲ့အခါကျတော့ တက်လာတဲ့အပေါ်မှာ ပြောပြောနေကျတာပဲ။ UEC ကတစ်ဒေါ်လာမှမရဘူး။ အဲဒါဆို ရှင်းသွားပါပြီ။ သတင်းတွေက ဘယ်ဟာက ဘယ်လိုရနေတယ်ဆိုတဲ့ဟာတွေက ကျွန်တော်တို့ တော်တော်သတိထား နေရတယ်။ အခုဒါဆို ရှင်းသွားပြီပေါ့နော်။ တစ်ဒေါ်လာမှ မရတော့ ကျန်တဲ့ဟာတွေလည်း ယုံသင့်မယုံသင့် လုပ်တော့ပေါ့ဗျာ။ ကျွန်တော်တို့ တစ်ဒေါ်လာမှ မရဘူး” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင် အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ထောက်ပံ့ကူညီ ပံ့ပိုးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် သြဂုတ် ၂၈ ရက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများနှင့် သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီတို့သည် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော ရွေးကောက်ပွဲက အရေးကြီးသည့် အကြောင်းနှင့် အများလက်ခံ၍ ယုံကြည်ရသော ရွေးကောက်ပွဲ စောင့်ကြည့်မှုသည် အရေးကြီးသည့်အကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂၀၂၀ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန် အစိုးရက ဒေါ်လာ ၄၆ သန်းကျော် ကူညီပံ့ပိုးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံအကြား ရေရှည်ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်လက်တွဲမှုတို့ကို အားပေးကူညီရန်အတွက် သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် သံရုံးယာယီတာဝန်ခံ ဆစ်ဘလီသည် မကြာမီ မြန်မာနိုင်ငံမှ ပြန်လည်ထွက်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြထားသည်။

 

Most Read

Most Recent