ကိုဗစ်၏ ကြီးစွာသော အကျပ်အတည်း

ကိုဗစ်၏ ကြီးစွာသော အကျပ်အတည်း
Published 3 September 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစပ်ပျံ့နှံ့မှု လျင်မြန်လာခြင်းအပေါ် အများက စိုးရိမ်စရာဖြစ်နေသည်။ မတ်လနှောင်းပိုင်းမှစ၍ မြန်မာတွင် ကိုဗစ်ရောဂါပိုး စတင်ကူးစက်မှုတွေ့ခဲ့ပြီး ငါးလကျော်အကြာတွင် ကိုဗစ်ဒုတိယလှိုင်းကဲ့သို့ ဖြစ်လာခြင်းမှာ လူမှုစီးပွားရေး ပြဿနာများနှင့် ယင်း၏ နောက်ဆက်တွဲ ဂယက်များနှင့် ရင်ဆိုင်ရတော့မည်ဆိုသည့် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့သည်။ ရခိုင်တွင် ကိုဗစ်ပိုးကူးစက်ပြန့်နှံ့မှု လျင်မြန်သကဲ့သို့ ရန်ကုန်တွင်လည်း ပျံ့နှံ့ကူးစက်မှု လျင်မြန်လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်အား  Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်းနှင့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရသည်။ ယင်းခုနစ်မြို့နယ်တွင် သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံတို့ပါဝင်ခဲ့သည်။

စည်းကမ်းချက်များမှာ ပြည်သူများအနေဖြင့် Stay at Home ကာလအတွင်း (က) မိမိနေအိမ်၌သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊ (ခ) မဖြစ်မနေစျေးဝယ်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊ (ဂ) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ (ဃ) နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ရန်၊ (င) တာဝန်ထမ်းဆောင်ရန် သွားရောက်။ပြန်လာမည့် သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ (စ) ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ၊ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် စသည့် စည်းကမ်းချက်များကို လိုက်နာကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အထက်ပါစည်းကမ်းချက်များအနက် (ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန် ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ၊ သက်ဆိုင်ရာရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ တာဝန်ထမ်းဆောင်ရန် သွားရောက်၊ ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်ထွက်ခွင့်မပြုရန်ဖြစ်သည်။

သေချာသည်ကတော့ ကိုဗစ်သည်လူအများကို ကြီးစွာသောဖိအားများနှင့် ရင်ဆိုင်ရစေသည်။ အထူးသဖြင့် လူမှုစီးပွားပြသနာများမှာ ​ရေရှည်အတွက် စိုးရိမ်စရာဖြစ်စေသည်။

ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်ကလည်း COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။ ရောဂါကူးစက် ပျံ့နှံ့မှု၏ ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားမည်ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့် လူတန်းစားမညီမျှမှုကို မြင့်တက်နိုင်ခြေအများ ဆုံးဖြစ်စေနိုင်သည်။ လူ့အဖွဲ့အစည်းများ၊ စီးပွားရေးများနှင့် အားနည်းသော အုပ်စုများအပေါ် COVID-19 အကျပ်အတည်းနှင့် ပတ်သက်သော ရိုက်ခတ်ချက်ကို သုံးသပ်ခြင်းသည် အချက်အလက်ပေးရန်၊ အကျပ်အတည်းမှနေ၍ ပြန်လည်နာလန်ထရေးအတွက် တုံ့ပြန်မှုများကို အံဝင်ခွင်ကျ လုပ်ဆောင်ရန်နှင့် အားထုတ်မှုတစ်ရပ်၌ မည်သူမျှ နောက်ကျကျန်ရစ်ခြင်းမရှိစေရန်တို့အတွက် အခြေခံကျသည်ဟုဆို ထားသည်။

လူမှုစီးပွားဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများ မရှိပါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကျေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရမည်ဖြစ်သည်။ ရေရှည်၌ ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာများအပေါ် နိုင်ငံများ၏ ယခုရွေးချယ်မှုများနှင့် ၎င်းတို့ ရရှိသည့် အထောက်အပံ့များက သက်ရောက်လိမ့်မည်မှာ သေချာနေပေသည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက် ရှိနေပေသည်။  ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေး ကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အား လှမ်းမျှော်ကြည့်ရှုကာ တုံ့ပြန်မှုများ မလုပ်ဆောင်နိုင်ပါက ကြီးစွားသော ဖိစီးမှုများနှင့်ရင်ဆိုင်ရနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ ( စက်တင်ဘာ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent