မေတ္တာအခါတော်နေ့

မေတ္တာအခါတော်နေ့
Published 1 September 2020

၀ါခေါင်လတွင် ဘုရားရှင်က မေတ္တာသုတ္တန်ကို စတင်ဟောကြားခဲ့သည်ကို အစွဲပြု၍ ၀ါခေါင်လပြည့်ကို မေတ္တာအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်များက သတ်မှတ်ခဲ့ကြသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ ဟိမဝန္တာနှင့် တစ်စပ်တည်း တည်ရှိသော တောအုပ်တစ်ခုတွင် တရားအားထုတ်၍ နေကြသည်။ ရဟန်းတော်များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါ၌ တောအုပ်တွင်းရှိ သစ်ပင်ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြသည်။ ထိုအခါ ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် သစ်ပင်ပေါ်ရှိ ရုက္ခစိုးများသည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသည်။

ရုက္ခစိုးများသည် ရဟန်းတော်များ တစ်နေ့ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စားနေပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် သည်းမခံနိုင်တော့ဘဲ ညဥ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုးခြောက်လှန့်ပြီး ရောဂါအန္တရာယ် ထူပြောအောင် သမာဓိမရအောင် အမျိုးမျိုးဖန်တီးကြရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသ မဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာဘုရားက မေတ္တာသုတ် ဒေသနာတော်ကို ချီးမြှင့်တော်မူရာ မေတ္တာသုတ် တန်ခိုးကြောင့် ရုက္ခစိုးများက မနာလိုစိတ်များ ပျောက်ကွယ်၍ မခြောက်လှန့်တော့သည့်အပြင် ချစ်ခင်မြတ်နိုး အကြည်ညိုတိုးပြီး လူသဏ္ဌာန် ဖန်ဆင်းလျက် ခရီးဦးကြိုသူ ကြို၊ ခြေဆေး သူဆေး ၊ သပိတ်ပွေ့သူက ပွေ့နှင့်  ဝတ်ကြီးဝတ်ငယ်များဖြင့် စောင့်ရှောက်ကူညီကြသောကြောင့် ရဟန်းငါးရာတို့သည် တစ်ဝါတွင်းဖြင့် အားလုံး ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။

ရဟန်းတော်များ မြတ်စွာဘုရားထံ ပြန်ကြွသွားသည်မှာ ပထမဝါဆိုပြီး ဖြစ်သည့်အပြင် ရဟန်းတော်များ ဤတောအုပ်၌ပင် ဒုတိယဝါဆိုပြန်ကြကြောင်း ကျမ်းဂန်များတွင် ပြဆိုသဖြင့် မေတ္တာသုတ် ဟောသောလသည် ၀ါခေါင်လဖြစ်ကြောင်း သိသာလေသည်။ ဤမေတ္တာသုတ်တော်သည် ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် အလွန်ခေတ်စား လူသိများသော သုတ်တော် ဖြစ်ခဲ့သော်လည်း မေတ္တာသုတ်၏ သရုပ်ကို ထုတ်နုတ်ပြီး လေ့လာသူ ကျင့်ကြံသူကား နည်းပါးသည်ဟု ယူဆနိုင်သည်။ အများအားဖြင့် မေတ္တာပို့ခြင်းကို မြတ်မြတ်နိုးနိုး ပြုကြသော်လည်း မေတ္တာသုတ်ကို အနက်အဓိပ္ပာယ်နှင့်တကွ အသေးစိတ်ကြည့်ရှုသုံးသပ် ရန်ကား မေ့လျော့နေတတ်ကြလေသည်။ မေတ္တာဘာဝနာကို ပွားများသူတို့သည် မေတ္တာသုတ်ကို စနစ်တကျ လေ့လာ၍ ထိုသုတ်တော်၏ ညွှန်ကြားချက်များကို အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းရန် လိုအပ်သည်။

မေတ္တာသုတ်တော်တွင် မေတ္တာဘာဝနာပွားသူတို့ လိုက်နာရမည့် မေတ္တာမူ ၁၅ ချက်သည် အလွန်နှစ်သက် မြတ်နိုးကျင့်ကြံဖွယ် ကောင်းသည့်အပြင် စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊ မေတ္တာပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် စျာန်ရနိုင်ပုံ၊ ထိုစျာန်တွင် ယစ်မူးမနေဘဲ ထိုစျာန်ကို အခြေခံထား၍ ၀ိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင် ကျင့်စဉ်များကို အတိုဆုံး အကျဉ်းဆုံး အလွယ်ဆုံး နည်းများဖြင့် လမ်းညွှန်တော်မူထားလေသည်။ ထို့ကြောင့် ထိုစဉ်က ရဟန်းတော် ငါးရာတို့သည် ဤမေတ္တာသုတ်၏ ညွှန်ကြားချက်အတိုင်း မေတ္တာကို အခြေခံ၍ ၀ိပဿနာဉာဏ်စဉ်ဖြင့် နိဗ္ဗာန်သို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။

၀ါခေါင်လပြည့်သည် မေတ္တာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာ ကျေးဇူးပြုသည့် မေတ္တာသုတ်တော်ကို ထုတ်ဖော်ပူဇော်သည့် အနေဖြင့် ကျောင်းတိုင်း ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်း ဓမ္မာရုံတိုင်းတွင် မေတ္တာအခါတော်နေ့ကို ကျင်းပပြီး မေတ္တာသုတ်တော်၏ အနက်အဓိပ္ပာယ် အနှစ်သာရတို့ကို ထုတ်ဖော်၍ လောဘမီး၊ ဒေါသမီး၊ မောဟမီးများ တောက်လောင်နေသည့် ယနေ့ကမ္ဘာကြီးကို မေတ္တာရေစင်ဖြင့် စုပေါင်းပက်ဖျန်းနိုင်ကြပါစေဟု မေတ္တာဖြင့် ဆန္ဒပြုရင်း လူတိုင်းအတွက် အခြေခံတရားဖြစ်တော်မူသော မေတ္တာတရားကို လူတိုင်းကိုယ်စီကိုယ်ငှ ကျင့်သုံးနေထိုင်ခြင်းဖြင့် ဗဟိဒ္ဓ (အပြင်) ငြိမ်းချမ်းမှုသာမက အဇ္စျတ္တ (အတွင်း) ငြိမ်းချမ်းမှုကိုပါ ရရှိနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

■ ( စက်တင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent