ဘရူးစတား၏ ပယ်နယ်တီလွဲချော်မှုအတွက် မိမိကိုသာ အပြစ်တင်ရန် ယာဂန်ကလော့ပ် ပြောကြားခဲ့ပြီး တိုက်စစ်အားနည်းမှုကို ညည်းတွား

ဘရူးစတား၏ ပယ်နယ်တီလွဲချော်မှုအတွက် မိမိကိုသာ အပြစ်တင်ရန် ယာဂန်ကလော့ပ် ပြောကြားခဲ့ပြီး တိုက်စစ်အားနည်းမှုကို ညည်းတွား
Published 31 August 2020

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ကွန်မြူနတီဒိုင်းပွဲစဉ် အာဆင်နယ် - လီဗာပူးလ် ပွဲအပြီး၌ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယင်းပွဲတွင် လူငယ်တိုက်စစ်မှူး ဘရူးစတား ပယ်နယ်တီလွဲချော်မှုအတွက် မိမိကိုသာ  အပြစ်တင်ရန် ပြောကြားခဲ့သည်။

ဘရူးစတား၏ ကန်ချက်မှာ ဂိုးဘားတန်းထိကာ ထွက်သွားသဖြင့် အာဆင်နယ်အသင်းက ပယ်နယ်တီ(၅-၄) ဂိုးဖြင့် အနိုင်ရပြီး ကွန်မြူနတီဒိုင်းဆုကို ရယူနိုင်ခဲ့သည်။

ပွဲအပြီးတွင် ယာဂန်ကလော့ပ်က ဘရူးစတား၏လွဲချော်မှုအတွက် မိမိတွင်သာ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

ကလော့ပ်သည် ယင်းပွဲတွင် ပွဲချိန်(၉၀+၂)မိနစ် (ထပ်ဆောင်း အချိန်ပို) ၌ ၀ါရင့်ကွင်းလယ်လူ ၀ိုင်နယ်လ်ဒမ်းကို လူစားလဲခဲ့ပြီး ၎င်း၏နေရာ၌ ဘရူးစတားကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က ''ဒီဟာ (ဘရူးစတား ပယ်နယ်တီလွဲချော်ခြင်း)အတွက် အပြစ်တင်မယ်ဆိုရင် ကျွန်တော့်ကိုသာ အပြစ်တင်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဆုံးဖြတ်ချက်ချမှတ်တဲ့သူ ဖြစ်လို့ပါပဲ။ ပယ်နယ်တီကန်ဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ဟာ ၀ိုင်နယ်လ်ဒမ်းကို ကွင်းထဲက ထုတ်ခဲ့ပါတယ်။ ပြီးတော့ ပယ်နယ်တီအတွက် ဒီအပြောင်းအလဲကို လုပ်ခဲ့ပါတယ်။ ကျွန်တော် သူ့ (ဘရူးစတား)ကို ဒီလိုကန်စေချင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အဆုံးသတ်ဂိုးသွင်းကောင်းသူဖြစ်ပြီး ပုံမှန်အားဖြင့် ယုံကြည်ချက်ပြင်းထန်တဲ့ကစားသမားမျိုးပါ။ သူကန်ခဲ့ဖူးတဲ့ ပယ်နယ်တီတွေက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ မကောင်းခဲ့ပါဘူး။ ဒါမျိုးက ဘောလုံးနဲ့ဘဝမှာ ကြုံတွေ့တတ်တဲ့အရာမျိုးပါ။ ပြဿနာမရှိပါဘူး''ဟု ပြောကြားခဲ့သည်။

သို့သော် ကလော့ပ်က ယင်းပွဲတွင် အသင်း၏တိုက်စစ်အားနည်းမှုကိုမူ ညည်းတွားပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် တစ်ဖက်အသင်း၏ ခံစစ်ဇုန် Final Third Zone ထဲတွင် အဆုံးသတ်ထိုးစစ်ဆင်မှု အားနည်းခဲ့သည်ဟု ကလော့ပ်က ပြောကြားခဲ့သည်။

ယင်းပွဲတွင် မိမိအသင်းမှာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရန်မလိုဘဲ ပုံမှန်ပွဲချိန်အတွင်းတွင် အာဆင်နယ်ကို အနိုင်ရရှိအောင်ကစားခဲ့သင့်သည်ဟု ကလော့ပ်က သုံးသပ်ခဲ့သည်။

''ဒီလိုပွဲမျိုးတွေမှာ အဆုံးသတ်နိုင်မှုက အရေးပါပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အဆုံးသတ်ဂိုးသွင်းဖို့အတွက် အခုထက်ပိုပြီး ဖန်တီးနိုင်ခဲ့သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အူဘာမီယန်းလို ကစားသမားမျိုးရှိတဲ့အသင်း၊ တန်ပြန်တိုက်စစ်ကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ဒီထက်ပိုပြီး ဂရုစိုက်ကစားခဲ့သင့်ပါတယ်''ဟု ကလော့ပ်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နှစ် ၂၀၁၉ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင်လည်း မန်စီးတီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ် (၄-၅)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ထိုစဉ်က အသင်းအတွက် ပယ်နယ်တီလွဲချော်ခဲ့သူမှာ ၀ိုင်နယ်လ်ဒမ်း ဖြစ်သည်။

 

Most Read

Most Recent