‘Border ပိုင်းတွေကတော့ ကျွန်တော်တို့ COVID ဖြစ်တဲ့အချိန်က တရားဝင်ပိတ်ထားတယ်ပေါ့။ အသွားအလာတွေကန့်သတ်ထားတယ်။ ပိတ်ပင်ထားတယ်’
မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ၏ ဒုတိယလှိုင်းဟုဆိုနိုင်သည့်အခြေအနေမှာ ရခိုင်ပြည်နယ်မှ ပြန်လည်စတင်လာခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ သြဂုတ် ၁၆ ရက်တွင် စတင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်မှုမှာ အဓိကမြို့တော်ဖြစ်သည့် စစ်တွေမြို့မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၉ ရက်အထိ ကူးစက်ခံရသူပေါင်း ၂၀၀ ကျော်လာခဲ့ပြီဖြစ်သည်။ စစ်တွေမြို့တစ်မြို့တည်းမှာပင် ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များဖြစ်သော မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ပေါက်တော စသည့်မြို့နယ် များတွင်လည်း ကူးစက်ခံခဲ့ရသူများရှိခဲ့သည်။ ယင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က သြဂုတ် ၂၆ ရက်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး Stay At Home စတင်ကြောင်း ကြေညာခဲ့ပြီး ပြည်နယ်အတွင်း မြို့တစ်မြို့နှင့်တစ်မြို့ သွားလာခွင့်၊ ရခိုင်ပြည်နယ်မှ အခြားပြည်နယ်နှင့် တိုင်းများသို့ သွားလာခွင့်များကန့်သတ်ခဲ့ပြီး မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် အမှုဖွင့်အရေးယူခံရမည်ဟု ကြေညာခဲ့သည်။ COVID-19 ကူးစက်မှုမြင့်တက်နေသည့် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်အား The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါဖြစ် ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။ အခု ဆိုပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ရခိုင်ပြည်နယ်ကို Stay At Home ညွှန်ကြားလာပြီဆိုတော့ ရခိုင် ပြည်နယ်မှာ အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဓိကကတော့ ပြည်ထောင်စုအစိုးရ ကလည်း Stay At Home ဆိုပြီး ညွှန်ကြား လာတယ်ပေါ့။ ဒီဟာကိုအကောင်အထည် ဖော်ဖို့ လုပ်နေကြတယ်။ အကောင်အထည် ဖော်ရမှာပေါ့။ ပြည်သူတွေ သိအောင်လည်း ချပြရမယ်။ ဒီအချိန်ကာလက ရခိုင်မှာဖြစ် ပွားနှုန်းများနေတဲ့အတွက်ကြောင့် ရခိုင် ပြည်နယ်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ဒါကို အသိပညာပေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ရ မှာပေါ့။
မေး။ ။အခုဆိုရခိုင်မှာ ၂၀၀ ကျော်ဖြစ်လာပြီပေါ့။ ပိုးတွေ့လူနာတွေကို လက်ခံဖို့ စီစဉ်ထားတဲ့ စစ်တွေ ဆေးရုံမှာလည်း လူနာတွေက ပြည့်သလောက်ဖြစ်နေ ပြီပေါ့။ တခြားဆေးရုံတွေမှာလည်း လက်ခံထားတာရှိ တယ်။ အခုဆို လုံလောက်မှုရောရှိလား။ ဘယ်လိုအ ခက်အခဲတွေများရှိပါသလဲ။
ဖြေ။ ။ အခုကတော့ အတတ်နိုင်ဆုံး ဖြည့်စွမ်း ပေးထားတယ်။ ကုသရေးပိုင်းမှာ လိုအပ်တဲ့ ဆရာဝန်တွေကို ပြည်ထောင်စုကနေ Volunteer တွေပေါ့။ နောက်ထပ်လည်းထပ်လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေလည်းရှိ တယ်။ နောက်ပြီးတော့ Contact Person တွေကို Facilities Quarantine ထားရတဲ့ အတွက်ကြောင့် ဒီ Facilities Quarantine တွေမှာလည်း သူတို့အတွက် လိုအပ်တဲ့ဟာတွေကို ဖြည့်ဆည်းပေးထားတာလည်းရှိ တယ်။ အခုကာလက Stay Home ကာလလည်းဖြစ်တဲ့အတွက်ကြောင့် တစ်ပြည်နယ်လုံး Stay Home ဖြစ်တဲ့အတွက်ကြောင့် လက်လုပ်လက်စားတွေအတွက် အခက်အခဲ ဖြစ်နိုင်တယ်။ အရင်ကတော့ စစ်တွေမြို့တစ် မြို့တည်းဖြစ်တဲ့အတွက်ကြောင့် စစ်တွေမြို့ မှာရှိတဲ့ လက်လုပ်လက်စားတွေကို တစ်အိမ် ထောင်ကို နှစ်သောင်းနှုန်းနဲ့ ရခိုင်ပြည်နယ် အစိုးရက ပံ့ပိုးထားတာရှိတယ်ပေါ့နော်။ ဒါ ပေမဲ့အခုတော့ တစ်ပြည်နယ်လုံးဖြစ်လာတဲ့ အတွက်ကြောင့် လိုအပ်ချက်က အများကြီး ဖြစ်လာပြီ။ ဖြစ်လာတဲ့အတွက်ကြောင့် ဒီ စာရင်းဇယားတွေလည်း ပြည်ထောင်စုကို တင်ပြတောင်းခံသွားဖို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ကြတယ်။ ဒါတွေကိုတင်ပြတောင်းခံသွားမယ်။ ပြည်ထောင်စုကလည်း ပံ့ပိုးပေးမယ်၊ ဘာတွေလိုအပ်လဲဆိုတာ သူတို့မေးနေ ပါတယ်။ ဒီကလိုအပ်ချက်တွေရှိရင်ချက်ချင်း အကြောင်းကြားပါ။ ဖြည့်ဆည်းပေးပါမယ် ဆိုပြီးတော့ ပြောတယ်။ ဒါကြောင့်မို့လို့ အခု ကတည်းက လိုအပ်ချက်တွေ၊ Facilities Quarantine တွေ များလာနိုင်တယ်လို့ ခန့်မှန်းထားတဲ့အတွက်ကြောင့် လိုအပ်ချက်တွေ ရှိကောင်းရှိမယ်ဆိုပြီး တင်ပြထားတာတွေရှိပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်အထိ (သြဂုတ် ၂၇ ရက်) Facilities Quarantine ဘယ် လောက်လောက်များရှိပါသလဲ။
ဖြေ။ ။ Facilities Quarantine က စစ်တွေ တစ်မြို့တည်းမှာတင် အခု ၅၀၀ ကျော် လောက်ရှိတယ်။ တခြားနေရာတွေမှာလည်း ရှိတယ်။ တခြားမြို့တွေမှာရောပေါ့။ စာရင်းက မရောက်သေးတော့ တိတိကျကျတော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ Quarantine တွေကတော့ မြို့တိုင်းနီးပါးလုပ်နေရတာပဲ။ Contact Person တွေကို လိုက်ရှာပြီးတော့ ရောဂါပိုးမပျံ့နှံ့နိုင်ရေးအတွက် Quarantine ထားပြီးတော့ ထိန်းချုပ်နေတယ်။
မေး။ ။ Contact Person တွေကို လိုက်တဲ့အခါမှာ ရော ဘယ်လိုအခက်အခဲတွေများတွေ့ရလဲ။
ဖြေ။ ။ Contact Person တွေကိုလိုက်တဲ့အ ခါမှာတော့ အခက်အခဲတော့ သိပ်မတွေ့ရ ဘူး။ အဓိကက ကိုယ်ထိတွေ့ခဲ့တဲ့သူကို ပြော ဖို့လိုအပ်တယ်။ သူတို့( ရောဂါပိုးကူးစက်ခံရ သူများ) က ပြောလာလို့ရှိရင် ကျွန်တော်တို့ လိုက်ရှာတယ်။ တွေ့ပြီဆိုတာနဲ့ တွေ့တဲ့သူ ကို Quarantine ထားတယ်။ တစ်ခါတည်း ခေါ်လာတယ်။ Swab နမူနာယူသင့်ရင်ယူ တယ်။ ကျန်တဲ့လုပ်ငန်းစဉ်တွေကိုလည်း ဆက်လုပ်ရတာပေါ့။ အဓိကက ဘာလဲဆို တော့ သူထိတွေ့ခဲ့တဲ့သူမှန်း မသိလိုက်တဲ့ သူတွေသာ ကျွန်တော်တို့နည်းနည်းလိုက် ရတာအခက်အခဲရှိတယ်။ တချို့ကျတော့ မသိလိုက်ဘူး လေ။ ဥပမာဆိုရင် စျေးသည် တို့ဆိုလို့ရှိရင် သူဘယ်နှယောက်ထိတွေ့ လိုက်သလဲ သူမသိတော့ဘူး။ ထိတွေ့တဲ့သူ တွေကိုတော့ အမြန်ဆုံးအုပ်စီးမိအောင် တော့ လိုက်နိုင် တယ်။ ဘယ်သူဘယ်နေရာ က ဘယ်ရပ်ကွက်ကပေါ့။ အဲဒါမျိုး ကျွန် တော်တို့လိုက်တယ်။ အပြင်မှာ မထင်မှတ်ဘဲ ထိတွေ့မိတာတို့ ဘာတို့ကျတော့ သိလည်း မသိလိုက်ဘူး။ သူ့မှာ ရောဂါရှိမှန်းလဲ မသိ လိုက်ဘူး။ မသိတော့သူ ကလူအုပ်ထဲလည်း Mask တပ်ထားချင်မှ တပ်ထားမယ်။ အဲဒီ လိုဟာမျိုးတွေတော့ ရှိကောင်းရှိနိုင်တယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ စပြီးတွေ့တဲ့လူနာနဲ့ရော ဘယ်လောက်အထိ စုံစမ်းထားပြီးပြီလဲ။ သူဘယ်ကနေ စပြီးဖြစ်တာလဲဆိုတာကို ဘယ်လောက်အထိ စုံစမ်းပြီးသွားပါပြီလဲ။
ဖြေ။ ။ ကျွန်တော်တို့ အဲဒီမှာက သူကတော့ နည်းနည်းခက်တယ်။ သူက ခရီးသွားလိုက် တဲ့အခြေအနေလည်းရှိတယ်။ နောက်ပြီး တော့ ဘဏ်လုပ်ငန်းလုပ်တဲ့အခါတွေမှာ လည်း လူဘယ်နှစ်ယောက်ကို ထိတွေ့ထား လဲဆိုတာ သူကအတိအကျဖော်ထုတ်ဖို့ တော့ခက်တယ်။ သူ့ကိုဘယ်ကစတင်ကူးသ လဲဆိုတာကို ဝေခွဲမရသေးဘူးပေါ့။ သူက ခရီးတွေလည်း သွားလိုက်တဲ့အခါကျတော့ ခရီးသွားချိန်မှာ ထိတွေ့သလား။ ဒါမှမဟုတ် ဘဏ်မှာ အလုပ်လုပ်တဲ့အချိန်မှာ ထိတွေ့သ လားဆိုတာ ဘယ်လိုထိတွေ့မှုနဲ့ စတင်ကူးစက် လဲဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး။
မေး။ ။ ဒါဆိုရင် စုံစမ်းရတာ ခက်နေတဲ့သဘောလား ခင်ဗျ။
ဖြေ။ ။ ဟုတ်ပါတယ်။ နောက်ကြောင်းရာဇ ဝင်ကိုလိုက်ရတာခက်နေတယ်။ သူကဆေး ခန်းပြမှ သိရတာဆိုတော့။ ဘယ်အချိန်တုန်း ကတည်းက ထိတွေ့မိပြီး ဘယ်အချိန်က တည်းက ကူးစက်ခံရတာလဲဆိုတာ သူကိုယ် တိုင်မသိဘူး။ အဲဒီတော့ ထပ်လိုက်ရတာ ခက်နေတာပေါ့။
မေး။ ။ ရခိုင်ပြည်နယ်ဆိုရင် နယ်စပ်နဲ့ ထိစပ်နေတာ ပေါ့။ မောင်တော၊ ဘူးသီးတောင်ဆိုရင် တစ်ဖက်နိုင်ငံ တွေနဲ့ ထိစပ်နေတာပေါ့။ အခုထိစပ်နေတဲ့နိုင်ငံတွေမှာ လည်း ကူးစက်မှုတွေက များနေတာပေါ့။ ဥပမာ အိန္ဒိယ ဆိုရင် အမေရိကထက်တောင် ပိုများလာတာပေါ့။ ဘင်္ဂ လားဒေ့ရှ်ဆိုရင်လည်း ကူးစက်မှုတွေများလာတာပေါ့။ အဲဒီတော့ နယ်စပ်နဲ့ပတ်သက်ပြီး ဘာတွေများ လုပ် ဆောင်ထားလဲ။
ဖြေ။ ။ Border ပိုင်းတွေကတော့ ကျွန်တော် တို့ COVID ဖြစ်တဲ့အချိန်က တရားဝင်ပိတ် ထားတယ်ပေါ့။ အသွားအလာတွေကန့်သတ် ထားတယ်။ပိတ်ပင်ထားတယ်။ဒါက COVID အစပိုင်းကတည်းကပါ။ အခုချိန်အထိ လည်း တရားဝင်ဖွင့်ထားခြင်း မရှိသေးဘူး။
မေး။ ။ Border ပိုင်းနဲ့ပတ်သက်ပြီး ထပ်သိချင်ပါတယ်ခင်ဗျ။ အရင်တုန်းကဆိုရင် ရခိုင်ပြည်နယ်မှာ ခိုး ဝင်တဲ့ပြဿနာက အမြဲတမ်းကြုံနေရတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုစီမံဆောင်ရွက်ထားတာတွေများ ရှိမလဲခင်ဗျ။
ဖြေ။ ။ ဟုတ်ပါတယ်။ ခိုးဝင်တဲ့ ပြသာနာက အရင်ကလည်းရှိခဲ့တယ်။ အခုလည်းမရှိဘူး လို့တော့ ပြောလို့မရဘူးပေါ့နော်။ တွေ့တဲ့အခါမှာတော့ ဖမ်းတယ်။ ပြီးရင် တရားစွဲဆိုတာ ပေါ့။ ဖမ်းလည်းဖမ်းမိပါတယ်။ မိရင်လည်း ထိထိရောက်ရောက် တရားစွဲဆိုတာတွေတော့ လုပ်နေပါ တယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာများရှိပါသလဲ ခင်ဗျ။
ဖြေ။ ။ အခုCOVID -19 ကာလမှာ အစိုးရနဲ့အတူ ပြည်သူက ပူးပေါင်းပါဝင်မှသာလျှင် ထိန်းချုပ်မှုက ပိုမိုထိရောက်မှာပါ။ဒါကြောင့် ထိန်းချုပ်မှုအပိုင်းမှာ ပိုမိုထိရောက်နိုင်ဖို့အတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်စေလိုပါတယ်။
ဖြေ။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးပါခင်ဗျ