လျှော်ဖြူ ခေါ် ဆေးကုလားမစျေး အဆမတန်လျော့ကျမှုကြောင့် လျှော်ဖြူခြံပိုုင်ရှင်နှင့် လျှော်ဖြူပင်ကိုု အပြတ်ငှားအစေးထုုတ်သူများ လုုပ်ငန်းရပ်နားရသည်အထိ ရှိလာ

လျှော်ဖြူ ခေါ် ဆေးကုလားမစျေး အဆမတန်လျော့ကျမှုကြောင့် လျှော်ဖြူခြံပိုုင်ရှင်နှင့် လျှော်ဖြူပင်ကိုု အပြတ်ငှားအစေးထုုတ်သူများ လုုပ်ငန်းရပ်နားရသည်အထိ ရှိလာ
နတ်မောက်မြို့နယ်အတွင်းရှိ နေလလျှော်ဖြူခြံမှ လျှော်ဖြူအစေးထုတ်နေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်
နတ်မောက်မြို့နယ်အတွင်းရှိ နေလလျှော်ဖြူခြံမှ လျှော်ဖြူအစေးထုတ်နေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 30 August 2020
အောင်သူငြိမ်း

တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် လျှော်ဖြူ ခေါ် ဆေးကုလားမစျေး အဆမတန်လျော့ကျမှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများအတွင်းရှိ လျှော်ဖြူခြံပိုင်ရှင်နှင့် လျှော်ဖြူပင်ကို အပြတ်ငှား အစေးထုတ်သူများ လုပ်ငန်းရပ်နားရသည်အထိ ရှိလာကြောင်း လျှော်ဖြူလုပ်ငန်းရှင်များထံမှ သိရသည်။

COVID-19 ရောဂါ ပျံ့နှံ့မှုများကြောင့် တရုတ်နိုင်ငံမှ လျှော်ဖြူဝယ်သည့် ကုန်သည်များ မြန်မာနိုင်ငံအတွင်းသို့ မလာရောက်နိုင်ခြင်း၊ ပြည်တွင်းမှ လျှော်ဖြူကုန်သည်များအနေဖြင့် တရုတ်နိုင်ငံဘက်သို့ တိုက်ရိုက်မတင်ပို့နိုင်ခြင်း စသည့် အခက်အခဲများကြောင့် လျှော်ဖြူစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာခဲ့သည်။ သြဂုတ်လပိုင်းတွင် လျှော်ဖြူတစ်ပိဿာလျှင် ကျပ်တစ်သောင်းအောက်အထိ စျေးကျဆင်းလာမှုကြောင့် လျှော်ဖြူအစေးထုုတ်သည့် လုုပ်သားခကိုုပင် မကာမိတော့ဘဲ လျှော်ဖြူခြံပိုင်ရှင်များနှင့် တစ်ရာသီစာအတွက် လျှော်ဖြူပင်ကို အပြတ်ငှား၍ အစေးထုုတ်လုုပ်ကိုုင်သူများ လုပ်ငန်များ ရပ်ဆိုင်းလာကြသည်။

“ ကိုဗစ်ရောဂါကြောင့် တရုတ်ဘက်မှာ စက်ရုံအလုုပ်ရုံတွေ နားကြတယ်။ အဓိကတော့ ကျွန်တော်တို့ ပြည်တွင်းကို တရုတ်ကုန်သည်တွေ တိုက်ရိုက်လာဝယ်လို့ မရကြဘူး။ တရုတ်ဘက်ကို သွားရောင်းကြမယ် ဆိုတော့လည်း ပစ္စည်းနဲ့အတူတူ ရွှေလီဘက်ကို သွားရောင်းလိုု့မရဘူး။ အရင်က ပစ္စည်းနဲ့အတူတူ ရွှေလီထဲထိ ဝင်ရောင်းလို့ရတယ်။ အခုက သူတို့လည်း လာလို့မရဘူး။ ကျွန်တော်တို့လည်းသွားလို့ မရဘူး။ ဟိုဘက်မှာ ပစ္စည်းအရောင်းအဝယ်ဖြစ်သည့်တိုင်အောင်မှ သူတို့တရုတ်ငွေကို မြန်မာငွေနဲ့လွှဲဖို့က ဘယ်လိုမှ အဆင်မပြေဘူး။ အဓိကလျှော်ဖြူတစ်ခုတည်းမှ မဟုတ်ဘူး။ သီးနှံစျေးကွက် အကုန်လုံး ပြန်ကောင်းဖို့အရာက အနည်းဆုံးဝန်ကြီးအဆင့်လောက်က တရုတ်နဲ့သွားညိနှိုင်းပြီး သီးနှံစျေးကွက် ဖွင့်ပေးဖို့၊ ဖြေလျှော့ခွင့်တွေ ပေးဖို့ အဲဒါတွေညှိနှိုင်းမှ အဆင်ပြေမှာပါ” ဟု မန္တလေးမြို့မှ နန္ဒဝန်လျှော်ဖြူ ခေါ်ဆေးကုလားမ လုပ်ငန်းရှင် ဦးဇင်ကြီးက ပြောကြားသည်။

ယခုရာသီသည် မိုးနှောင်းကာလသို့ ရောက်ရှိလာခြင်း၊ လျှော်ဖြူပင်များ အပွင့်လိုက်မည့်အချိန် နီးကပ်လာ၍ အစေးထွက်နှုန်းလည်း လျော့ကျလာနိုုင်ခြင်း၊ ကိုုဗစ်ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်လာခြင်း စသည့် အချက်များကြောင့် ယခုနှစ်အတွက် လျှော်ဖြူစျေးကွက် အလားအလာသည် မြင့်တက်လာနိုင်ရန် နည်းပါးလျက်ရှိကြောင်း၊ နောက်နှစ် လျှော်ဖြူရာသီချိန်တွင် တရုတ်ပြည်မှ ကုန်သည်များနှင့် တိုက်ရိုက် ချိတ်ဆက်ရောင်းချနိုုင်ရန် ရည်ရွယ်၍ အလေ့ကျပေါက် လျှော်ဖြူပင်များမှ အစေးထုတ်သူများ၊ သုံးဧကအောက် စိုက်ပျိုးသည့် တစ်ပိုင်တစ်နိုင် လျှော်ဖြူစိုက် တောင်သူများနှင့် အပင်အပြတ်ငှား၍ အစေးထုတ်သူများ စုပေါင်း၍ လျှော်ဖြူအသင်း အဖွဲ့များ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ၎င်းနှင့်ချိတ်ဆက်ကြစေလိုကြောင်း ဦးဇင်ကြီးက ပြောကြားသည်။

“ ကျွန်တော့်ခြံက ဧက ၄၀ ကျော်လောက်မှာ လျှော်ဖြူအပင်ရေ ၅၀၀၀ ကျော် ရှိပါတယ်။ အမာခံလုပ်သား ၁၀ ဦး ထားရပြီး သူတို့ရဲ့ လစာတွေ၊ နေထိုင်စားသောက်စရိတ်တွေနဲ့ ဆိုတော့ တစ်လကို လုပ်သားခချည်းပဲ ကျပ်သိန်း ၂၀ လောက် ကုန်ကျစရိတ်ရှိပါတယ်။ အခုလက်ရှိ လျှော်ဖြူစျေး အနေအထားနဲ့က အဲဒီလုပ်သားခကိုတောင် မထိန်းနိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းတွေ ရပ်လိုက်မယ်ဆိုရင်လည်း လုပ်သားတွေက အလုပ်လက်မဲ့ ဖြစ်သွားမှာဆိုုတော့ အရှုံးခံပြီး ဆက်လုပ်နေရပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကြီးကိုယ်တိုင် ကျွန်တော်တို့ ခြံတွေကို ကွင်းဆင်းလေ့လာပြီး နိုင်ငံတကာစျေးကွက်တွေ ဖော်ဆောင်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ အခု ကိုဗစ်ကာလနဲ့ လာတိုးတော့ အားလုံး အဆက်အသွယ် ပြတ်ကုန်ပါတယ်။ ဒါကြောင့် ကိုုဗစ်အလွန်ကာလမှာ နိုုင်ငံတော်အဆင့်က ဝန်ကြီးတွေ တာဝန်ရှိသူတွေက စျေးကွက် တည်ငြိမ်ရေးအတွက် ကူညီပေးနိုင်မှ အားလုံးအဆင်ပြေကြမှာပါ” ဟု နတ်မောက်မြို့နယ်အတွင်းရှိ နေလလျှော်ဖြူစိုက်ပျိုးရေး ခြံပိုင်ရှင် ဦးအောင်မင်းလွင်က ဆိုသည်။

လျှော်ဖြူ ခေါ် ဆေးကုုလားမပင်များကို မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများအတွင်း ဒေသခံ တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည်မှ လုပ်ငန်းရှင်များက တစ်ဦးတည်း ဧက ၃၀၀ ကျော်အထိ စိုက်ပျိုးသည်များ ရှိကြောင်း၊ လျှော်ဖြူ ခေါ် ဆေးကုလားမကို စားသောက်ကုန်၊ အလှကုန်များနှင့် စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုလေ့ရှိကြောင်း၊ လျှော်ဖြူ ခေါ် ဆေးကုလားမကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လေ့ရှိပြီး ဂျပန်နိုင်ငံသို့လည်း တင်ပို့လေ့ရှိကြောင်း သိရသည်။

Most Read

Most Recent