ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ကိုင်တွယ်နေသည့် ရီးယဲလ်လူငယ်အသင်း ဥရောပလူငယ်လိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲ

ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ကိုင်တွယ်နေသည့် ရီးယဲလ်လူငယ်အသင်း ဥရောပလူငယ်လိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲ
Photos : Real Mardid Twitter
Photos : Real Mardid Twitter
Published 27 August 2020

ရီးယဲလ်မက်ဒရစ်အသင်း ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ကိုင်တွယ်နေသည့် ယူ-၁၉ လူငယ်အသင်းသည် ၂၀၁၉-၂၀၂၀ ရာသီ ဥရောပလူငယ်လိဂ် (UEFA Youth League) ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရာအူးလ် (၄၃ နှစ်)သည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် ရီးယဲလ်အရန်အသင်း (ကက်စတယ်လာအသင်း) နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ယခုနှစ်နွေရာသီတွင် နည်းပြလက်မဲ့ဖြစ်နေသည့် ရီးယဲလ် ယူ-၁၉အသင်းကိုပါ ယာယီတာဝန်ယူ ကိုင်တွယ်နေခြင်းဖြစ်သည်။

ဥရောပလူငယ်လိဂ်ပြိုင်ပွဲကို ၂၀၁၃-၂၀၁၄ ရာသီမှစ၍ ယူ-၁၉ ပြိုင်ပွဲအဖြစ် ကျင်းပလျက်ရှိပြီး ရီးယဲလ်လူငယ်အသင်းအနေဖြင့် ခုနစ် ကြိမ်မြောက်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။

ဗိုလ်လုပွဲကို အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့၌ ကျင်းပရာ ရီးယဲလ်အသင်းသည် ဘင်ဖီကာ အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစား ပြီးနောက် (၃-၂) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ်လူငယ်အသင်းသည် ယခုပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ရာအူးလ်အတွက်လည်း နည်းပြဘဝ ပထမဆုံးဆုဖလားအောင်မြင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရီးယဲလ်အသင်းအတွက် ၁၉၉၄ မှ ၂၀၁၀ ပြည့်နှစ်အထိ ၁၆ ရာသီကြာ ပါဝင်ကစားခဲ့သည့် အသင်းခေါင်းဆောင်ဟောင်း ရာအူးလ်သည် အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားအဖြစ် ပြိုင်ပွဲစုံ ၇၄၁ ပွဲဖြင့် စံချိန်တင်ထားသလို ဂိုးအများဆုံးကစားသမားစာရင်းတွင်လည်း စီရော်နယ်လ်ဒို (၄၅၀ ဂိုး) ပြီးလျှင် ၃၂၃ ဂိုးဖြင့် ဒုတိယနေရာ ရပ်တည်နေသူဖြစ်သည်။

ဥရောပလူငယ်လိဂ် ပြိုင်ပွဲတွင် ချယ်လ်ဆီးနှင့် ဘာစီလိုနာက ချန်ပီယံဆု နှစ်ကြိမ်စီဖြင့် အအောင်မြင်ဆုံးဖြစ် နေပြီး ဆာလ်ဇ်ဘာ့ဂ်၊ ပေါ်တိုနှင့် ရီးယဲလ်အသင်းတို့ တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

 

Most Read

Most Recent