
“ Lockdown ချတယ်ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ Lockdwon ချဖို့အတွက် လိုအပ်ခြင်းတော့ မရှိသေးပါဘူး”
လက်ရှိ ရခိုင်ပြည်နယ်အတွင်း COVID-19 ပိုးတွေ့လူနာများ နေ့စဉ်ရက်ဆက် စစ်ဆေးတွေ့ရှိနေပြီး အချိန်ကာလတစ်ခုအထိ ပြည်တွင်းကူးစက်မှုမရှိသလောက် နည်းပါးခဲ့သည့် မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာသစ်များ ဆက်တိုက်တွေ့ရှိလာခြင်း ဖြစ်သည်။ တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှုများ ရခိုင်ပြည်နယ်အတွင်း ပြန်လည်တွေ့ရှိလာမှုအခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လုပ်ဆောင်လျက်ရှိသော COVID-19 ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိနိုင်စေရန် သြဂုတ် ၂၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် Daily Eleven သတင်းစာတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
မေး။ ။ လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ COVID-19 ပိုးတွေ့ရှိမှုတွေ များနေသလို ပြည်တွင်းကူးစက်မှုတွေ ဆက်တိုက်တွေ့ရှိနေတာနဲ့ ပတ်သက်ပြီး ဆရာမတို့အနေနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဦးဆုံးရှင်းပြပေးပါ။
ဖြေ။ ။ စစ်တွေမှာ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ကျွန်မတို့ လက်ရှိ စုစုပေါင်း လူနာက စပြောရရင် ပိုပြည့်စုံပါမယ်။ လက်ရှိမှာ လူနာ ၄၆၃ ဦးရှိပါပြီ။ ဒီနေ့မနက် ထပ်တွေ့တဲ့လူနာ ၁၃ ဦးနဲ့ ပေါင်းလိုက်မယ် ဆိုရင်ပေါ့။ ဒီနေ့ (သြဂုတ် ၂၄ ရက်) မှာဆိုရင် လူနာသစ် ၁၉ ယောက် ထပ်တွေ့ပါတယ်။ သြဂုတ် ၁၆ ရက်ကစပြီး ရခိုင်ပြည်နယ်မှာ စတွေ့တာပါ။ သြဂုတ် ၁၆ ရက်က စပြီးတွေ့တယ်။ သြဂုတ် ၁၇ မှာ မတွေ့ဘူး။ နောက်ထပ်တွေ့တယ်။ တောက်လျှောက် တွေ့လာလိုက်တာ တစ်ပတ်လောက် အတွင်းမှာကို စုစုပေါင်း ရခိုင်ပြည်နယ်မှာတင်ကို ပိုးတွေ့ လူနာ ၇၂ ယောက်ဖြစ်လာပါတယ်။ နဂိုကလည်း ရခိုင်မှာ ဖြစ်တဲ့ လူနာ ၁၆ ယောက်ရှိတဲ့ အတွက်ကြောင့် ရခိုင်ဒေသမှာဆိုရင် ဖြစ်ပွားတဲ့သူက ၈၈ ယောက်ဖြစ်နေပါပြီ။ မနေ့ညက ထုတ်ပြန်တာ ခြောက်ယောက်ရယ် ဒီမနက်ထုတ်ပြန်တာ ၁၃ ယောက်နဲ့ပေါင်းလိုက်ရင် လူနာသစ် ၁၆ ယောက် ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရန်ကုန်ပြီးရင် ရခိုင်မှာ တွေ့ရှိမှုက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ၂၈၃ ယောက် Positive Case ထွက်ခဲ့တယ်။ ပြီးရင် ရခိုင်က ၈၈ ယောက်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ကရင်ပြည်နယ်ကတော့ ၂၉ ယောက်နဲ့ တတိယနေရာမှာ ရှိပါတယ်။ ချင်းပြည်နယ်ကတော့ ၁၈ ယောက်နဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။ ဒါဆို ရခိုင်က ချက်ချင်းလက်ငင်းပဲ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်မှာ ဒုတိယနေရာ ရောက်လာတယ်ဆိုတာ ဒါက စိုးရိမ်စရာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလိုရောက်လာတာ တအိအိနဲ့ ရောက်လာတာမျိုး မဟုတ်ဘဲ ဗြုန်းစားကြီးနဲ့ ရောက်လာတာ ဖြစ်ပါတယ်။ အရင်တုန်းက ၁၆ ယောက်က ဧပြီ၊ မေ၊ ဇွန်လ သုံးလေးလလောက် အတွင်းမှာ တအိအိနဲ့ဖြစ်မှ ၁၆ ယောက်ဖြစ်ပေမယ်လို့ တစ်ပတ်လောက် အတွင်းမှာပဲ ၇၂ ယောက်ဖြစ်တယ် ဆိုတာက ဒါဟာ အလွန်သတိထားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အပိုင်းမှာဆိုရင် ပြည်သူပြည်သားတွေ အနေနဲ့ အရမ်းစိုးရိမ်ကြတယ်။ ရခိုင်မှာ ဖြစ်ပွားတဲ့အပေါ် မူတည်ပြီးတော့ ကျန်တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကလည်း စိုးရိမ်သောကတွေ ဖြစ်လာကြတယ်။ ရခိုင်ဒေသကဆိုရင် COVID-19 ဖြစ်ပွားမှုကူးစက်မှုရဲ့ မီးပွားဖြစ်မလားပေါ့။ ရခိုင်မှာ ကူးစက်မှုကနေပြီးတော့ ပြည်တွင်းကို ကူးစက်လာရင် ထိန်းမနိုင်သိမ်းမရ ဖြစ်မှာစိုးရိမ်ကြတယ်။ ကျွန်မတို့ရဲ့ အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ဒါနန်းမြို့မှာဆို ရင် ရောဂါကူးစက်မှုတွေစဖြစ်လိုက်တာက နေပြီးတော့ တော်တော်များများ တစ်ပြည် လုံးအနှံ့ဖြစ်ပြီးတော့ ထိန်း သိမ်းရခက်တယ်။ တစ်လကျော်လောက်အတွင်းကို လုံးဝသေ ဆုံးမှုမရှိ စံချိန်တင်ထားတဲ့ ဗီယက်နမ်ဟာ ဆိုရင် မနေ့က တစ်ယောက် ထပ်သေတဲ့အ တွက်ကြောင့် သေဆုံးသူက ၂၇ ယောက်ဖြစ် သွားပြီ။ ဖြစ်ပွားတဲ့သူက ၁၀၀၀ ကျော်ဖြစ် သွားပါပြီ။ ဒါကို အရှေ့မှာလည်းမြင်ထားတဲ့ အခါမှာ ကိုယ့်နိုင်ငံက လူ တွေက စိုးရိမ်ကြ တာပေါ့နော်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ ပါပဲ။ ဘာဖြစ်လို့လဲ။ လက်ရှိ ဖြစ်ပွားကူးစက်မှု တွေကဆိုရင် တစ်နေ့တစ်နေ့ကို ၁၆ ယောက်၊ ၁၉ ယောက်၊ ကိုးယောက်၊ ၁၀ ယောက် အဲဒီ နှုန်းနဲ့ကို တက်နေတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလိုဖြစ်ပွားနေတဲ့ အပေါ်မှာ ရခိုင်ဒေသမှာဆိုရင် ဘယ်လိုထိန်းချုပ်ဖို့ လိုအပ်မလဲ။ ဒါ ကြောင့်မို့ စဖြစ်ပွားတဲ့အချိန် သြဂုတ် ၁၆ ရက် မကြာမတင်မှာပဲ ဒါနဲ့ပတ်သက်လို့ အ စည်းအဝေးခေါ်ပါတယ်။ အစည်းအဝေး ခေါ်ပြီးနောက် ရခိုင်ဒေသကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါကဘာနဲ့ တူသလဲဆိုရင် ကျွန်မတို့ မီးလောင်တဲ့အခါမှာ မီးပွားလေးက မီးစလောင်ပြီ။ အဲဒီဟာမြင်တာနဲ့ ကျွန်မတို့က စောင်နဲ့ အမြန်ဆုံး အဲဒီမီးပွားကို အုပ်လိုက်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီမီးပွားက မီးတောက်ကြီး မဖြစ်တော့ဘူး။ မီးပွားကနေ မကူးစက်နိုင်တော့ဘူး။ ဒီသဘောနဲ့ ဆင်ပါတယ်။ ကျွန်မတို့ဟာ စစ်တွေမှာ စပြီးတော့ ဖြစ်ပွားမှုတွေ များတယ်။ ဒီရက်ပိုင်း ဖြစ်တာကိုပဲ အဓိကထား ပြောမယ်ဆိုရင် ၇၂ ယောက်မှာ မြောက်ဦးက သုံးယောက်၊ သံတွဲက နှစ်ယောက်၊ ကျန်တာ အားလုံးက စစ်တွေကိုး။ စစ်တွေကို Stay at Home လုပ်လိုက်တယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကူးစက်မှုတွေ အများကြီး မဖြစ်အောင် တစ်နည်းအားဖြင့် ဖြစ်ရင်ဖြစ်တဲ့နေရာမှာပဲ ရပ်တန့်သွားအောင် ကျွန်မတို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်တွေဒေသမှာ လိုအပ်တာတွေကို ဆောင်ရွက်ဖို့အတွက် ကျွန်မတို့ ဗဟိုကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဌာနက ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ အဖွဲ့ကိုလည်း ကြိုတင်လွှတ်ထားပါတယ်။ သူကနေ လိုအပ်တာတွေကို ဗဟိုနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ဖို့ အဲဒီဒေသမှာရှိတဲ့ သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ လုပ်ပါတယ်။ ရခိုင်ကိစ္စတွေ မဖြစ်ခင်မှာပဲ သြဂုတ် ၁၃ ရက်က ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ဦးဆောင်ပြီးတော့ အစုလိုက် အပြုံလိုက် ရောဂါဖြစ်လာလို့ရှိရင် ဘယ်လိုမျိုး လုပ်ကြမလဲ ဆိုတာကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပြည်ထောင်စုဝန်ကြီး စိုးရိမ်တဲ့နေရာ သုံးနေရာပဲ ရှိပါတယ်။ ရခိုင်ရယ်၊ ရန်ကုန်ရယ်၊ ကရင်ပြည်နယ် မြဝတီရယ် ဖြစ်ပါတယ်။ အဲဒီအချိန်က ရခိုင်မှာ ဘာမှမဖြစ်သေးပါဘူး။ လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် Positive Case တွေတွေ့လာတယ်။ အစုလိုက် အပြုံလိုက်တွေ တွေ့လာပြီဆိုရင် Positive Case တွေကို သေချာစွာ ထောက်လှမ်းပြီးတော့ တစ်နည်းအားဖြင့် Positive Case တွေ Positive မှန်းသိအောင်လို့။ Positive Case တွေကနေ တခြားလူနာတွေကို မကူးစက်စေဖို့၊ နောက် သူ့နဲ့ထိတွေ့ခဲ့သူတွေကို ထောက်လှမ်းဖို့။ နောက်တစ်ချက်က ဒီကနေ လူတွေကို ကူးစက်မှုတွေ မဖြစ်စေဖို့ ဒီ Case တွေများလာပြီဆိုရင် ဆေးရုံတွေ အပိုင်းမှာရော ကုသဖို့အတွက် ပြင်ဆင်ထားဖို့။ ပြင်ဆင်ထားတယ် ဆိုတာမှာလည်း လူတွေတင်မကပါဘူး။ ပစ္စည်းတွေကအစ ပြင်ဆင်ထားရှိဖို့။ နောက်တစ်ခုက တကယ်လို့သာ Positive Case တွေများလာပြီဆိုရင် ဓာတ်ခွဲစမ်းသပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ အချိန်မီရရှိဖို့။ အချိန်မီရရှိပြီးရင်လည်း တစ်နေရာနဲ့ တစ်နေရာကို ဒါတွေကအစ လိုအပ်တဲ့ PPE တွေရရှိနိုင်ဖို့ ဒါမျိုးကအစ ဇာတ်တိုက်လေ့ကျင့် ထားပါတယ်။ ကျွန်မတို့ အနေနဲ့ ဓာတ်ခွဲပစ္စည်းတွေ ပေးပို့တဲ့အခါမှာ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနကို ပေးပို့မယ်ဆိုရင် လေယာဉ်နဲ့ ပေးပို့ရမယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် လေယာဉ်တွေ မထွက်ဘူးဖြစ်တဲ့ အခါမှာ ထွက်ဖို့ မလွယ်တဲ့ အခါမျိုးတွေ ဖြစ်လာခဲ့လို့ရှိရင် စစ်တွေမှာပဲ ဒါမျိုးတွေ စမ်းသပ်စစ်ဆေးနိုင်ဖို့အတွက် ပစ္စည်းတွေ စက်တွေကိုလည်း ကြိုတင်ပေးပို့ထားပါတယ်။ ဒါကို Gene Xpret စက်လို့ ခေါ်ပါတယ်။ Gene Xpert စက်ကို ကိုင်တွယ်ဖို့ သေသေချာချာ လုပ်နိုင်ဖို့အတွက် လူအင်အားတွေကိုလည်း NHLက ပြီးခဲ့တဲ့ လကတည်းက ကြိုတင်ပြီးတော့ ပေးထားပြီး ဖြစ်ပါတယ်။ စစ်တွေတင် မဟုတ်ပါဘူး။ တခြားတိုင်းနဲ့ ပြည်နယ်မှာ ရှိတဲ့မြို့နယ်တွေ Gene Xpert စက်ရှိတဲ့မြို့နယ်တွေမှာပါ ပေးထားပါတယ်။ အခုဆိုရင် Gene Xpert စက်နဲ့ ချက်ချင်းစမ်းသပ် အဖြေထုတ်နိုင်ပါတယ်။ အချိန် ၄၅ မိနစ်ပဲ ကြာပါတယ်။ မနေ့က (သြဂုတ် ၂၃ ရက်) က သတင်းထုတ်ပြန်တဲ့ အခါမှာဆိုရင် စစ်တွေဆေးရုံမှာ Gene Xpert စက်နဲ့ ၄၁ ယောက်ကို စမ်းသပ်ခဲ့ပါတယ်ဆိုတာ ပါပါတယ်။ စစ်တွေမှာတွေ့ရတဲ့ သူတွေမှာဆိုရင် Primary Contact ကနေ တွေ့ရတဲ့သူတွေရှိသလို Secondary Contact ကနေ ပိုးတွေ့တာတွေလည်း ရှိပါတယ်။ ဒီမှာ စုစုပေါင်း ၇၂ ယောက်ကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ စောင့်ကြည့်လူနာထဲက Positive ဖြစ်တာ ၁၅ ယောက် ရှိပါတယ်။ Primary Contact က Positive ဖြစ်တာ ၃၉ ယောက်ရှိပြီးတော့ Secondary Contact က Positive ဖြစ်တာ ၁၈ ယောက်ရှိပါတယ်။ အဲဒီအထဲမှာ ရောဂါလက္ခဏာ လုံးဝမရှိတဲ့သူက ၅၄ ယောက် ရှိပါတယ်။ ၅၄ ယောက်ဆိုတော့ ရခိုင်ပြည်နယ် အနေနဲ့ဆိုရင် ရောဂါလက္ခဏာမပြဘဲ Positive ဖြစ်တဲ့သူက ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း ရှိနေတယ်။ ၇၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာ မနည်းပါဘူး။ လူလေးယောက်မှာ သုံးယောက်က ရောဂါလက္ခဏာ မပြဘဲနဲ့ ပိုးတွေ့တယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။
မေး။ ။ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေ သူနာပြုတွေမှာလည်း ပိုးကူးစက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် ရခိုင်ပြည်နယ်က ဆေးရုံတွေမှာ ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းဖို့ အစီအစဉ်ရှိ၊ မရှိ ရှင်းပြပေးပါ။
ဖြေ။ ။ လက်ရှိမှာ ကျန်းမာရေး ဝန်ထမ်းတွေကို ကူးစက်မှုတွေ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ ဒီဖြစ်စဉ်မှာကို စစ်တွေမှာကို ကျန်းမာရေး ဝန်ထမ်းတွေ စုစုပေါင်း သြဂုတ် ၁၆ ရက်ကစပြီး သြဂုတ် ၂၄ ရက်အထိ ကျန်းမာရေးဝန်ထမ်း ၁၀ ဦး ပိုးတွေ့ရှိမှုတွေ ရှိပါတယ်။ ဒီလိုပိုးတွေ့ရှိတဲ့ အပိုင်းမှာဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေဆိုတာ ရှေ့တန်းက ရင်ဆိုင်နေရတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေကို ထိခိုက်ပြီဆိုရင် နောက်ကနေ အရံတွေရှိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားတာတွေ ရှိပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေ ထိခိုက်မှုရှိနေတဲ့ နေရာမှာ ကျန်တဲ့ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ အနည်းနဲ့အများတော့ စိုးရိမ်သောကတွေ ရှိလာနိုင်ပါတယ်။ ဒီလိုစိုးရိမ်သောကတွေ ရှိလာနိုင်တာကိုလည်း စာနာနားလည်ပါတယ်။ သူတို့တွေ လူနာကို ကိုင်တွယ်တဲ့ အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေကို လိုအပ်ချက်အတိုင်း ပြည့်မီအောင် ပေးပို့ဖို့ ကိစ္စတွေ လောလောဆယ်လည်း ပေးပို့ထားသလို နောက်ထပ် လိုအပ်ရင် လိုအပ်သလို ပေးပို့ဖို့ကို ဝယ်ဖြန့်ဌာနက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ လူအင်အားတွေ ဖြည့်တင်းဖို့အတွက် လူ့စွမ်းအား အရင်းအမြစ်ကနေပြီးတော့ ထပ်ပြီးလုပ်ဖို့အတွက် ပြင်ဆင်နေပါတယ်။
မေး။ ။ လက်ရှိ ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေတဲ့ စစ်တွေ မြို့ကို Lockdown ချဖို့အစီအစဉ်တွေ လုပ်ထားတာမျိုး ရှိပါသလား။
ဖြေ။ ။ Lockdown ချဖို့ဆိုတာက သူ့မှာ ကောင်းကျိုးဆိုးကျိုးတွေလည်း ရှိပါတယ်။ Lockdown ချတယ်ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားအရဆိုရင် Lockdown ချဖို့အတွက် လိုအပ်ခြင်းတော့ မရှိသေးပါဘူး။ လက်ရှိပိုးတွေ့တဲ့ သူတွေကလည်း ဖြစ်နိုင်ခြေ များတဲ့သူတွေထဲက ဖြစ်ပါတယ်။ Primary Contact ပဲဖြစ်ဖြစ် Secondary Contact ပဲဖြစ်ဖြစ် Contact တွေကနေ ရောဂါပိုးတွေ့ရှိတဲ့နှုန်းက ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ခုနကပြောတဲ့ ၇၂ ယောက်မှာဆိုရင် Contact တွေကနေကို ပမာဏအများကြီး ဖြစ်နေတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ကိုက်ညီနေပါတယ်။ တစ်နည်းအားဖြင့် လူ ၁၀၀ ရှိတယ်ဆိုရင် သုံးယောက်ခွဲ လေးယောက်နီးနီးကတော့ ပိုးတွေ့နိုင်ပါတယ်။ သံသယလူနာတွေ စောင့်ကြည့်လူနာတွေကနေ တွေ့ရှိတဲ့နှုန်းက တစ်ရာခိုင်နှုန်း လောက်ရှိပါတယ်။ လူ ၁၀၀ မှာ တစ်ယောက်လောက်ကတော့ ဖျားနာလူနာထဲကနေ တွေ့နိုင်ပါတယ်။ နောက်တစ်ခုက Quarantine ကနေ တွေ့နိုင်တာကတော့ လူ ၁၀၀၀ မှာ နှစ်ယောက်ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရဆိုရင် ၇၂ ယောက်မှာ ဆိုးဆိုးရွားရွား ဖြစ်နေတာမျိုး မရှိပါဘူး။ COVID-19 ရဲ့ သဘောသဘာဝကိုက ၈၀ ရာခိုင်နှုန်းလောက်က သာမန်နဲ့ အသင့်အတင့် လက္ခဏာပဲ ခံစားရပြီးတော့ သက်သာပျောက်ကင်း သွားနိုင်ပါတယ်။ တချို့လူတွေဆိုရင် ကုသမှု တစ်စုံတစ်ရာ ကြီးကြီးကျယ်ကျယ် မလိုဘဲနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။ ၁၅ ရာခိုင်နှုန်းကတော့ အောက်ဆီဂျင်ပေးဖို့အထိ လိုအပ်တဲ့လူတွေပါ။ ငါးရာခိုင်နှုန်းကတော့ အသက်ရှူ အားကူစက်တွေပေးပြီး ကုရတဲ့လူတွေ ဖြစ်ပါတယ်။ အများစုသော သေဆုံးတဲ့သူတွေဟာ ဒီလိုလူတွေဖြစ်ပြီး ပြန်ကောင်းလာဖို့ အလားအလာလည်း နည်းပါတယ်။ အသက်ရှူအား ကူးစက်တင်ထားတဲ့ သူတွေမှာ ၁၀၀ မှာ ၉၇ ယောက်လောက်က သေပါတယ်။ လက်ရှိ ရခိုင်ပြည်မှာ တွေ့ရတဲ့ ၇၂ ယောက်ကလည်း သာမာန်နဲ့ အသင့်အတင့် လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ICU ထဲ ထည့်ရလောက်တဲ့ လူနာမရှိပါဘူး။
မေး။ ။ ရန်ကုန်မှာလည်း စစ်တွေ Case တွေနဲ့ ဆက်စပ်ခဲ့တဲ့ လူနာတွေ ရှိခဲ့တဲ့အတွက် ရန်ကုန်မှာရော ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘာတွေကြိုတင်ပြင်ဆင် ထားပါသလဲ။
ဖြေ။ ။ ဇာတ်တိုက် လေ့ကျင့်ခန်းတွေမှာလည်း ပြည်ထောင်စုဝန်ကြီး စိုးရိမ်တဲ့ ရခိုင်၊ ရန်ကုန်၊ မြဝတီပေါ့နော်။ ရန်ကုန်ကလည်း လူဦးရေ ထူထပ်တယ်။ ပထမတစ်ကြိမ် ဖြစ်တုန်းကဆိုရင် ရန်ကုန်မှာ ဖြစ်ပွားသူက ၂၈၃ ဆိုတော့ လူနာ ၃၀၀ နီးနီးရှိတယ်။ ဖြစ်ပွားမှုရဲ့ တစ်ဝက်ကျော်ကျော်က ရန်ကုန်မှာဖြစ်တာ။ နောက်တစ်ခုက ဘာပဲဖြစ်ဖြစ် ရာသီတုပ်ကွေး ၂၀၁၉ ခုနှစ်က ဖြစ်ပွားသေဆုံးမှုဆိုလည်း ရန်ကုန်ပဲ။ ဘာဖြစ်လို့လဲ ။ သူ့ရဲ့နဂိုက ရှောင်လွှဲလို့မရတဲ့ သဘာဝ အရင်းခံကိုက လူနေထူထပ်တယ်။ Public Transport ကို သုံးရတယ်။ ဒီမှာလုပ်ငန်းခွင်တွေ စက်ရုံတွေ ဒါမျိုးတွေလည်းရှိတယ်။ ဒါကြောင့် လူတွေက ကူးလူးဆက်သွယ်မှုတွေ များတယ်။ ရခိုင်မှာဖြစ်တဲ့ Case တစ်ချို့က ရန်ကုန်မှာ ဆေးခန်းလာပြတယ်။ ရန်ကုန်မှာ တည်းခို နေထိုင်သွားတယ်။ အဲဒါတွေကို ကျွန်မတို့ Contact တွေကို လိုက်ပြီးတော့ စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ သူတို့အားလုံးကတော့ လက်ရှိအခြေအနေမှာ အကုန် Quarantine ထားတဲ့သူတွေ ဖြစ်ပါတယ်။ ပိုးတွေ့ခြင်းလည်း မရှိပါဘူး။ သူသွားကုတဲ့ မေ့ဆေးဆရာဝန်၊ အသည်းဆရာဝန်၊ ဓာတ်မှန်ဆရာဝန် အားလုံးလည်း ပိုးမတွေ့ပါဘူး။ တနည်းအားဖြင့်ပြောရင် ရခိုင်ရဲ့ သက်ရောက်မှုက ရန်ကုန်ကို ရိုက်ခတ်မလာသေးပါဘူး။ ရိုက်ခတ်မလာသော်လည်းပဲ ရန်ကုန်က ပြည်သူလူထုတွေက လုံးဝပေါ့လို့ မရပါဘူး။ သူ့မှာ နဂိုကတည်းက ဖြစ်နိုင်တဲ့ အခြေခံ အကြောင်းအရင်းတွေက အများကြီး ဖြစ်တဲ့အတွက်ကြောင့်မို့ နည်းနည်းပေါ့ရင် များများခံရပါတယ်။ လူဦးရေရဲ့ တစ်စတုရန်းမီတာကို ရန်ကုန်မှာဆိုရင် လူဦးရေ ၇၂၀ လောက်နေကြတယ်။ မန္တလေးမှာဆို တစ်စတုရန်းမီတာကို လူ ၂၀၀ ပဲနေတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် တွေမှာဆိုရင် ၁၀၀ ကျော်၊ ၅၀ အောက် ဒီလောက်ပဲ ရှိပါတယ်။ ဒါကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ယှဉ်ရင် တစ်မီတာမှာ လူဦးရေ ၇၀၀ ကျော်ကြီး ရှိနေတာက တစ်ခုခုသာဖြစ်ရင် အရမ်းကို ကူးစက်မြန်တယ်။ ဒါကြောင့် ရန်ကုန်က ပြည်သူလူထု အနေနဲ့ ပေါ့ဆလို့ မရပါဘူး။
မေး။ ။ COVID ကုသရေးဌာန(ဖောင်ကြီး) မှာလည်း ကြိုတင်ပြင်ဆင်မှုတွေအများကြီး လုပ်ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖောင်ကြီးကို ၁၄၄ ထုတ်ထားတယ်လို့ စာတွေ ထွက်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါ။
ဖြေ။ ။ သြဂုတ် ၂၀ ရက်မှာ ဖောင်ကြီးကို ဖြတ်သန်းသွားလာခွင့်မပြုဖို့ စာထုတ်ထားပါ တယ်။ တကယ့်တကယ်ကတော့ ဧပြီ ၅ ရက် နေ့ကတည်းက ၁၄၄ ထုတ်ထားတာဖြစ်ပါ တယ်။ ဒါပေမဲ့ ကြာလာတဲ့ အခါကျတော့ လူတွေက မေ့လျော့လာတယ်။ မသွားလာရ မှန်း မသိတော့ဘူး။ ဖောင်ကြီးမှာ လက်ရှိ ကျွန်မတို့ လူနာထားတာက နှစ်ကြိမ်ဆက် ပိုးမတွေ့တဲ့ ဝေဘာဂီဆေးရုံကလူနာတွေ တောင်ဥက္ကလာက လူနာတွေ အဲဒီလူနာတွေ ကို ကျွန်မတို့က ဖောင်ကြီးကို ပို့တယ်။ ဖောင် ကြီးမှာ နှစ်ပတ်သီးခြားထားတယ်။ နှစ်ပတ် ပြည့်ပြီဆိုမှ သူတို့ကို သူတို့အိမ်မှာ တစ်ပတ် ဆက်ထားတယ်။ ဒီလိုနည်းနဲ့ Save ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ အဲဒီလို နှစ်ပတ်ထားတဲ့အခြေအနေမှာ သူတို့ရဲ့ မိဘဆွေမျိုးတွေ သူငယ်ချင်းတွေက လာမယ်။ စားစရာတွေပို့မယ်။ အားပေးတာမျိုးတွေ လာတဲ့အခါမျိုးမှာ နောက်ပိုင်းကျတော့ ရော ဂါကူးစက်နိုင်ဖို့ အခွင့်အလမ်းများတယ်။ အားပေးတဲ့အခါ စိတ်အားဖြင့် အားပေးလို့ ရပါတယ်။ လူချင်းဝေးနေပေမဲ့ စိတ်ချင်းသာ နီးနေဖို့ လိုပါတယ်။ ဒါကြောင့် ရောဂါကူး စက်မှုတွေဖြစ်လာမှာစိုးတဲ့အတွက် ဒါဟာထပ်ပြီး သတိပေးတဲ့ အနေနဲ့ ဒီလ ၂ဝရက်က ထပ်ပြီးထုတ်တာဖြစ်ပါတယ်။ နဂိုကတည်း ကရှိပြီးသားလည်းဖြစ်ပါတယ်။ လက်ရှိ ဖောင်ကြီးမှာ လူနာ ၁၈၈ ယောက်မှာ ၁၇၀ က ဆေးရုံကဆင်းသွားပါပြီ။ လက်ရှိ ဆေးကု သမှုခံယူနေတဲ့လူနာ ၁၈ ယောက်ပဲကျန်ပါ တော့တယ်။ ICU လည်း အဲဒီမှာ ထားထားပါတယ်။ Negative နှစ်ကြိမ်ဖြစ်ဖူးတဲ့ လူတွေမှာဆိုရင် COVID တစ်ခုတည်း ဖြစ်နေတာ မဟုတ်ဘူး။ သူတို့မှာ သွေးတိုးဆီးချိုနှလုံးရောဂါ၊ တစ်ချို့တွေဆို ကျောက်ကပ်ဆေးနေရတာ၊ တစ်ချို့တွေဆို ကိုယ်ခံအားကျနေတာ ရောဂါတွေ အများကြီး ရှိနေတဲ့အခါမှာ လိုအပ်လို့ရှိရင် ကုသမှုပေးဖို့ ICU တွေပါ ထားရှိတာ ဖြစ်ပါတယ်။ ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တာတွေကို ပါဝင်ကူညီပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အိန္ဒိယမှာ လက်ရှိ Case တွေအများကြီး တစ်နေ့တစ်နေ့ကို လူနာသစ်တွေလည်း အများကြီး တွေ့နေတဲ့အတွက် ကြောက်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလိုပါပဲ။ ကျွန်မတို့နိုင်ငံကို ဝင်လာတဲ့သူတွေထဲမှာ နံပါတ် ၁ က အိန္ဒိယ၊ နံပါတ် ၂ က ထိုင်း၊ မလေးရှားက တတိယပါ။ ဘင်္ဂလားဒေ့ရှ်က နံပါတ် ၅ မှာရှိပါတယ်။ ဝင်လာတဲ့သူတွေမှာ ရောဂါဖြစ်ပွားမှုတွေက အိန္ဒိယက ထိပ်ဆုံးက ဖြစ်နေတဲ့အခါမှာ ပေါ့လို့မရပါဘူး။ ကျွန်မတို့က အိမ်နီးချင်း နိုင်ငံလည်းဖြစ်တယ်။ ရခိုင်ဒေသမှာဆိုရင် ဘင်္ဂလားဒေ့ရှ်ကို အရောင်းအဝယ်ကိစ္စနဲ့ဖြစ်ဖြစ် တခြား သွားလာနေတာတွေလည်း ရှိပါတယ်။ အဲဒီလူတွေကလည်း ရောဂါပိုး သယ်ဆောင်တဲ့သူတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ မိမိဟာ ခရီးသွားခဲ့တဲ့ ရာဇဝင်ရှိတယ်။ ရောဂါလက္ခဏာတွေ ရှိနေတယ်ဆိုရင် ချက်ချင်း သက်ဆိုင်ရာ အာဏာပိုင်တွေကို သတင်းပေးပို့ဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံသားတစ်ယောက် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်းလည်း မည်ပါတယ်။