Facebook ပေါ်တွင် အမုန်းစကားတိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက်စေနိုင်သဖြင့် လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့နှင့် Facebook Team တို့က မည်သို့ဆောင်ရွက်နေသည်ကို ရှင်းလင်းပေးရန် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် အဆိုတင်

Facebook ပေါ်တွင် အမုန်းစကားတိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက်စေနိုင်သဖြင့် လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့နှင့် Facebook Team တို့က မည်သို့ဆောင်ရွက်နေသည်ကို ရှင်းလင်းပေးရန် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် အဆိုတင်
Published 25 August 2020
ပြည့်ဖြိုးအောင်

Facebook ပေါ်တွင် အမုန်းစကားတိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက်စေနိုင်သဖြင့် လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ (SMMT) နှင့် Facebook Team တို့က မည်သို့ဆောင်ရွက်နေသည်ကို ရှင်းလင်းပေးရန်အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

သြဂုတ် ၂၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းအဆိုကို ပျော်ဘွယ်မဲဆန္ဒနယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပါတီစုံဒီမိုကရေစီခေတ်တွင် လက်ရှိအစိုးရက Facebook နှင့် အခြားဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် Social Media Monitoring Team (SMMT) ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၇) က သဘောတူခွင့်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ဖေဖော်ဝါရီ ၇ ရက်တွင် (SMMT) အဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ၎င်းတို့အတွက် လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများဝယ်ယူရန် ကျပ် ၆၄၆၂ သန်းကို နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ သုံးစွဲခွင့်ပြုခဲ့ကြောင်း ဦးသောင်းအေးက ပြောကြားသည်။

“ နိုင်ငံတော်သမ္မတရဲ့ အထူးရန်ပုံငွေနဲ့ ထူထောင်ထားတဲ့ လူမှုကွန်ရက်စောင့်ကြည့် ထိန်းကျောင်းရေးအဖွဲ့ (SMMT) နဲ့ Facebook တို့ရဲ့ ဆောင်ရွက်မှုသည် လူမှုကွန်ရက်များ အသုံးပြုနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအပေါ် မျှတမှုမရှိခြင်းကြောင့် လူမှုကွန်ရက်ပေါ်တွင် မကျေနပ်မှုအမုန်းတရားများတိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက်ပျက်စေနိုင်သဖြင့် (SMMT) နဲ့ Facebook မည်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းမူဝါဒများဖြင့် မည်သို့ အရေးယူဆောင်ရွက်နေသည်ကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုများမဖြစ်အောင် အချိန်မီ ထိန်းကျောင်းဆောင်ရွက်နိုင်စေရန် အစိုးရအား တိုက်တွန်းကြောင်းပဲ ဖြစ်ပါတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့အနေဖြင့် ပြည်သူလူထုကို ပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်းများ မည်မျှဆောင်ရွက်ထားကြောင်း၊ Social Media ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့်ပူးပေါင်းညှိနှိုင်း၍ တည်ဆဲဥပဒေများနှင့် ငြိစွန်းသောကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်နိုင်မှုအတွက် မည်မျှဆောင်ရွက်ခဲ့ကြောင်း၊ မည်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ မူဝါဒများနှင့် ဆောင်ရွက်နေသည်ကို ပြည်သူများကို အသိပေးရန် လိုအပ်ကြောင်း ဦးသောင်းအေးက ပြောကြားသည်။

“ လက်ရှိ ဆိုရှယ်မီဒီယာတွေ စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုဟာ အခြေအနေကို တွေ့ရတာကတော့ Facebook အနေနဲ့ အကောင့်တွေ၊ Page တွေကို အမုန်းစကားဖြန့်ဝေမှု Community Standard မကိုက်ညီလို့စတဲ့ အကြောင်းပြနဲ့ ဖြစ်စေ၊ အကြောင်းမပြနဲ့ဖြစ်စေ ပိတ်သိမ်းတာ ဖြုတ်ချတာတွေ တွေ့ရပါတယ်။ ဒီလိုပိတ်သိမ်း ဖြုတ်ချတာတွေကို ကြည့်ရင်လည်း တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ နိုင်ငံရေး ပါတီအချို့ရဲ့ အကောင့်တွေ၊ အစိုးရအားနည်းချက်ကို ဝေဖန်ထောက်ပြတဲ့ ပြည်သူတွေရဲ့ အကောင့်တွေကို ပိတ်သိမ်းနေတာကို တွေ့မြင်ရပြီး ဘာသာတရားကို စော်ကားပုတ်ခတ်မှုတွေ၊ လူပုဂ္ဂိုလ်နဲ့ နိုင်ငံရေးပါတီတချို့ကို အကြောင်းမဲ့ သတင်းအမှားများနဲ့ လုပ်ကြံဖန်တီးပြီး တိုက်ခိုက်မှုတွေ၊ အဆင့်အတန်း နိမ့်ပါးတဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ရုပ်ပုံတွေ အသုံးပြုတိုက်ခိုက်မှုတွေကိုတော့ Report တင်ရင်တောင်မှ ဂရုမစိုက်၊ မပိတ်သိမ်း၊ မဖြုတ်ချဘဲ ခွင့်ပြုနေတာ တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent