ရက်ပေါင်း(၁၅၀၀)ကျော်အကြာတွင် ဟက်ထရစ်ပြန်သွင်းနိုင်ခဲ့သည့် အောင်သူ

ရက်ပေါင်း(၁၅၀၀)ကျော်အကြာတွင် ဟက်ထရစ်ပြန်သွင်းနိုင်ခဲ့သည့် အောင်သူ
Photos : Yadanarbon Football Club
Photos : Yadanarbon Football Club
Published 24 August 2020

ရတနာပုံတိုက်စစ်မှူး အောင်သူသည် ယခုတစ်ပတ်ကစားသည့် အားကာသိပ္ပံအသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရတနာပုံကစားသမားဘဝတစ်လျှောက် ဒုတိယအကြိမ် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အောင်သူသည် ရတနာပုံအသင်းအတွက် ပထမဆုံးဟက်ထရစ်ကို ၂၀၁၆ ခုနှစ် မေ (၂၁) ရက်က ကစားသည့် ၂၀၁၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဧရာဝတီအသင်းနှင့် အဝေးကွင်းပွဲတွင် သွင်းယူနိုင်ခဲ့ပြီး (၄)နှစ်ကျော်အကြာ ရက်ပေါင်း (၁၅၀၀)ကျော်မှ ဟက်ထရစ် နောက်တစ်ကြိမ် ပြန်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်သူသည် ၂၀၁၃ ရာသီမှ ၂၀၁၇ ရာသီအထိ  ရတနာပုံအသင်းတွင် ကစားခဲ့ပြီး ၂၀၁၈ နှင့် ၂၀၁၉ ရာသီတွင် ထိုင်းကလပ်အသင်းများသို့ အငှားပြောင်းရွှေ့ကစားခဲ့သည်။

ယခုရာသီမှ ရတနာပုံအသင်းသို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး (၆)ဂိုး သွင်းယူပေးထားသည်။

အောင်သူသည် စစ်ကိုင်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲ၊ ရှမ်းယူနိုက်တက်အား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲ၊ ဧရာဝတီနှင့် တစ်ဂိုးစီသရေကျသည့်ပွဲများတွင်လည်း တစ်ဂိုးစီသွင်းယူထားသည်။

အောင်သူသည် ထိုင်းလိဂ်သို့ ပထမဆုံးပြောင်းရွှေ့သည့် ၂၀၁၈ ရာသီတွင် Police Tero အသင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် မြောင်တောင်အသင်း၌ ပုံမှန်ကစားခွင့်မရသောကြောင့် ခြေစွမ်းပိုင်း ကျဆင်းလာပြီး ရုန်းကန်ခဲ့ရသည်။

ယခုရာသီတွင် ရတနာပုံအသင်းအတွက် (၆)ဂိုး သွင်းယူပေးထားသော်လည်း ယခင်ခြေစွမ်းမျိုးမမြင်ရသေးဘဲ အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရဆဲဖြစ်သည်။

လက်ကျန်ပွဲများတွင် အောင်သူကို သွင်းဂိုးများနှင့်အတူ ယခင်ခြေစွမ်းမျိုး ပြန်လည်မြင်တွေ့ခွင့်ရလျှင် ကလပ်ရော လက်ရွေးစင်အသင်းအတွက်ပါ အပေါင်းလက္ခဏာ ဖြစ်လာမည်ဖြစ်သည်။

 

Most Read

Most Recent