ဘာစီလိုနာအသင်း၌ဆက်နေရန်ထက် ထွက်ခွာရန်ဆန္ဒရှိသည်ဟု နည်းပြသစ် ရော်နယ်လ်ကိုးမန်းအား မက်ဆီပြောကြားခဲ့ကြောင်း RAC 1 ရေဒီယို ထုတ်လွှင့်

ဘာစီလိုနာအသင်း၌ဆက်နေရန်ထက် ထွက်ခွာရန်ဆန္ဒရှိသည်ဟု နည်းပြသစ် ရော်နယ်လ်ကိုးမန်းအား မက်ဆီပြောကြားခဲ့ကြောင်း RAC 1 ရေဒီယို ထုတ်လွှင့်
Photo: AFP
Photo: AFP
Published 22 August 2020

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် စာချုပ်သက်တမ်း (၁)နှစ်ကျန်ရှိနေသော်လည်း အသင်း၌ဆက်နေရန်ထက် ထွက်ခွာရန် ဆန္ဒ ရှိသည်ဟု နည်းပြသစ် ရော်နယ်လ်ကိုးမန်းကို ပြောကြားခဲ့ကြောင်း ကတ်တလန်ရေဒီယို RAC 1 သြဂုတ် (၂၀)ရက်နေ့တွင် ထုတ်လွှင့်ကြေညာခဲ့သည်။

မက်ဆီသည် နွေရာသီအားလပ်ရက်ရရှိထားသော်လည်း နည်းပြသစ် ရော်နယ်လ်ကိုးမန်းနှင့်တွေ့ဆုံရန် ကြာသပတေးနေ့တွင် ဘာစီလိုနာသို့ ပြန်လာခြင်းဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်၍ မျက်နှာချင်းဆိုင်ပြောကြား ခဲ့ကြောင်း RAC 1 ၏ ထုတ်လွှင့်မှုကိုကိုးကား၍ ဥရောပသတင်းဌာနများစွာ က ပြန်လည်ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ကွာ တားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းအား (၈-၂) ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သောကြောင့် မက်ဆီအနေဖြင့် ကစားသမားဘဝတစ်လျှောက်လုံး ကစားလာသည့် ဘာစီလိုနာအသင်းနှင့်လမ်းခွဲရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းနှင့် ဘာစီလိုနာအသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ တစ်နှစ်ကျန်ရှိနေသေးသလို စာချုပ်လျော်ကြေးတန်ဖိုးမှာ လည်း ယူရိုသန်း ၇၀၀ (ပေါင်သန်း ၆၃၀) ဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းနည်းပြသစ် ရော်နယ်လ်ကိုးမန်းကလည်း ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် မက်ဆီဆက်ရှိနေရန် အာမမခံနိုင်ကြောင်း ပြောကြားထားသဖြင့် အနာဂတ်နှင့်ပတ်သက်သည့်သတင်းများ ပိုမိုလှုပ်ခတ်လာခြင်းဖြစ်သည်။

''သူက အခုအချိန်အထိ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းရှိနေပြီး ဘာစီလိုနာကစားသမားလည်း ဖြစ်ပါတယ်။ အရေးကြီးတာက သူနဲ့ ကျွန် တော် ဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်နေလို့ပါ။ ကစားသမားတွေနဲ့ စကားပြောဖို့ကိစ္စတွေလည်းရှိနေပြီး ဒီကိစ္စတွေအတွက် မက်ဆီနဲ့ ပူးတွဲလုပ် ဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်တချို့ကို ချရမှာဖြစ်သလို မက်ဆီကိုလည်း အသင်းမှာ ဆက်ရှိနေစေဖို့ မျှော်လင့်ပါ တယ်။ ဒါပေမဲ့ သူတကယ်အသင်းမှာဆက်နေအောင် တိုက်တွန်းနိုင်ပါ့ မလားဆိုတာကတော့ မသေချာပါဘူး။ ဒီအသင်းမှာ ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား၊ ကိုယ့်အသင်း မှာရှိစေချင်တဲ့ အကောင်းဆုံးကစားသမား၊ ပြိုင်ဘက်အဖြစ် ရင်မဆိုင်ချင်တဲ့ ကစားသမားပါ။ နည်းပြတစ်ဦးအနေနဲ့ မက်ဆီနဲ့အတူ အလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်'' ဟု ကိုးမန်းက ပြောကြားသည်။

ဘာစီလိုနာအသင်းသည် နည်းပြသစ် ရော်နယ်လ်ကိုးမန်း၏ လက် ထောက်နည်းပြအဖြစ် တိုက်စစ်မှူးဟောင်း ဟင်းနရစ်လာဆင်ကို နှစ်နှစ် စာချုပ်ဖြင့် ခန့်အပ်ကြောင်း သောကြာနေ့တွင် အတည်ပြုကြေညာခဲ့သည်။

Most Read

Most Recent