ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညိုထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညိုထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 16 August 2020
ဆန်းမိုးထွန်း

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီအနေဖြင့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၁၅၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကိုယ်တိုင် တောင်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိနေပြီး ပါတီအတွင်းရေးမှူး၊ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိသည်။ လာမည့့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ပြည်သူ့ပါတီအတွက် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲလည်းဖြစ်သည်။ လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ No Vote လှုပ်ရှားမှုများက လူမှုကွန်ရက်စာမျက်နှာ၌ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့်အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြားတွင် အမျိုးမျိုးသော ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ပါတီအနေဖြင့် မည်သို့သဘောထားအမြင်ရှိသည်ကို ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးညိုထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

 

မေး - လက်ရှိမှာ No Vote လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ အစ်ကို့ရဲ့အမြင်လေးကို အရင်ဆုံးသိချင်ပါတယ်။

ဖြေ - ကျွန်တော် ပခုက္ကူလည်း ရောက်ခဲ့တယ်။ ဗကသ ကလေးတွေနဲ့လည်း တွေ့ခဲ့တယ်။ အခု ဗကသ ဥက္ကဋ္ဌလုပ်နေတဲ့ လှုပ်ရှားနေတဲ့ သက်မောင်မောင်ဝေကို ညီလေး မင်းတို့ No Vote ဆိုတာ မှားနေပြီ။ ဒီလိုမျိုး ပါတီစုံဒီမိုကရေစီဆိုတာကိုရဖို့အတွက် အသက်တွေ၊ သွေးတွေ၊ ချွေးတွေ အများကြီးရင်းခဲ့ရတယ်။ မင်းတို့ ပြန်ဆုံးဖြတ်ပါ။ ပြန်စဉ်းစားကြပါဆိုပြီးတော့ ပြောခဲ့တယ်။ သူတို့ဘက်ကတော့ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဆိုပြီးပြောတယ်။ အစ်ကိုက အဲဒီညကပဲတားတယ်။ မနက်ကျတော့ ဗကသကြေညာချက် ထွက်သွားတယ်။ အစ်ကို တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဒီကလေးတွေ ဗကသရဲ့သမိုင်းကိုတော့ မရိုင်းစေဖို့လိုတယ်။ ဗကသဆိုတာဟာ ကျောင်းသားတွေဆိုတာဟာ ပြည်သူလူထုရဲ့တပ်ဦး။ ပြည်သူလူထုကို ရှေ့ဆောင်တဲ့သူတွေ။ ဒီလိုမျိုး No Vote လုပ်တာကတော့ ကျွန်တော် အကြီးအကျယ်ကန့်ကွက်ပါတယ်။

မေး - ဘယ်လိုနိုင်ငံရေးအခြေအနေမျိုးမှာ No Vote လှုပ်ရှားမှုတွေက ဖြစ်ပေါ်လာနိုင်ပါသလဲ။

ဖြေ - အစ်ကို့ရဲ့ ဖြတ်သန်းမှုအရ ၂၀၀၈ ခုနှစ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို No Vote လုပ်လိုက်တယ်။ မဲမပေးဖို့ အဲဒီမှာ ၉၆ ဒသမ ကျော်သွားတယ်။ မဲမပေးလေ ကြိုက်လေပဲ။ သွားပြီးတော့ မဲမပေးတဲ့ သူတွေက အမှန်ခြစ်တွေဖြစ်ကုန်တာ။ အဲဒါကို ဥပမာပြတယ်။ အခုလိုမျိုး လုပ်လိုက်မယ်ဆိုရင် No Vote လုပ်တဲ့ဥစ္စာကို ဘယ်သူတွေက ဝမ်းသာမယ်မှတ်နေသလဲ။ ပါတီကြီးနှစ်ခုက ဝမ်းသာလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ပါတီဝင်တွေက လာပြီးမဲပေးမှာပဲ။ ကျန်တဲ့ ပါတီတွေကျတော့ No Vote က တော်တော်ထိတယ်။ ဒါ ကျွန်တော်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်လို့ မဟုတ်ပါဘူး။ ၂၀၀၈ ဥပမာအရ ကျွန်တော်ပြောတာပါ။ No Vote ဆိုတာ ငါတို့တုန်းကတော့ ခံလိုက်ရတယ်။

မေး - ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်တဲ့အတွက် No Vote လှုပ်ရှားမှုတွေ ရှိခဲ့တယ်။ ၂၀၁၀ တုန်းက အနေအထားနဲ့ အခုအနေအထားကို နည်းနည်းလောက် နှိုင်းယှဉ်ပြီး သုံးသပ်ပေးပါလား။

ဖြေ -  No Vote လှုပ်ရှားမှုကတော့ မဖြစ်သင့်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုက လက်ရှိအစိုးရကို အရမ်းကြီးမျှော်လင့်ခဲ့တာ။ မျှော်လင့်ပြီး ဘာမှမဖြစ်တဲ့အခါကျတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန် ကျနေတဲ့အချိန်မှာ No Vote လုံးဝကို မလုပ်သင့်တာ။ အဲဒါကိုလည်း သူ (ဗကသ) တို့ကို ပြောခဲ့တယ်။ ဒီအချိန်မှာ မင်းတို့က ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးရမှာ။ နိုင်ငံရေးကို စိတ်ဝင်စားကြပါ။ နိုင်ငံရေးဆိုတာ မိသားစုရဲ့အရေး။ ကိုယ့်ရဲ့အရေးဆိုတာကို မင်းတို့ပြောကြဖို့လိုတယ်ဆိုတာကို ကျွန်တော်ပြောခဲ့ပါတယ်။ 

မေး - နိုင်ငံတော်အတိုင်ပင်ခံကတော့ မဲပေးခြင်းဟာ နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့လည်း မဲပေးခြင်း၊ မပေးခြင်းဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ဒီနှစ်ခုအပေါ်မှာ အစ်ကိုဘာများပြောချင်သလဲ။

ဖြေ - ဖဆပလခေတ်တုန်းကတော့ အရမ်းနာမည်ကြီးခဲ့တဲ့စကား။ အသည်းကြားက မဲတစ်ပြားဆိုတာပေါ့။ မဲဆိုတာကတော့ ပေးတော့ပေးသင့်တယ်။ အလုပ်မအားလို့၊ အလုပ်ရှုပ်နေလို့။ ဥပမာ အဲဒီအချိန်မှာ တောင်သူတွေ ကြက်သွန်စိုက်နေလို့ မပေးတာကတော့ သူတို့အခွင့်အရေးပဲ။ သို့သော်နိုင်ငံရေးကို စိတ်ဝင်စားနေတဲ့သူတွေဟာ No Vote လုံးဝကို မလုပ်သင့်ပါဘူး။ မဲပေးတာ မပေးတာကတော့ သူ့အခွင့်အရေးပဲ။ သို့သော်နိုင်ငံသားတိုင်းဟာ တော်တော်များများ မဲပေးသင့်တယ်။ ဥပမာ အမေရိကန်မှာပဲ ဖြစ်ဖြစ်၊ ရုရှားမှာပဲဖြစ်ဖြစ် တချို့တော်တော်များများ မဲမပေးကြဘူး။ မဲမပေးကြတာက ဘယ်ပါတီကိုမှ မထောက်ခံချင်လို့မဟုတ်ကြဘူး။ အလုပ်ရှုပ်နေလို့ပဲ ဖြစ်ပါတယ်။ သို့သော် တတ်နိုင်သလောက်တော့ ကြိုးစားပြီးတော့ အသည်းကြားက မဲတစ်ပြားပေါ့။ 

မေး - ရွေးကောက်ပွဲဝင်တာဟာ ၂၀၀၈ ခြေဥကို လက်ခံသလိုဖြစ်တယ်လို့  No Vote သမားတွေက ပြောတာရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အစ်ကို့ရဲ့ သဘောထားကို သိချင်ပါတယ်။

ဖြေ - ကျွန်တော်တို့က အမတ်ဝင်ရွေးတယ်ဆိုပေမဲ့လို့ ၂၀၀၈ ကို လက်ခံလို့မဟုတ်ဘူး။ အဲဒီကျတော့ မင်းတို့ညီဖို့လိုတယ်။  မင်းတို့လည်း အပြင်ကတိုက် ငါတို့လည်း အတွင်းကတိုက်မယ်။ ၂၀၀၈ အတွက်။ အဲဒီကျတော့ ၂၀၀၈ ကို ဖျက်သိမ်းပေးပါဆိုပြီးတော့ ပြည်သူ့အရေးတော်ပုံကြီး၊ ၁၉၉၈ တုန်းကလိုမျိုး မင်းတို့လုပ်နိုင်သလား။ မလုပ်နိုင်တဲ့အခါကျတော့ ဆရာမောင်သာရပြောသလိုပဲ။ “မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်း" နဲ့ ကျွန်တော်တို့က အတွင်းကလည်းထိုး၊ အပြင်ကလည်း ထိုးရမှာပဲ။ ၂၀၀၈ ထဲမှာ တချို့လုပ်ပိုင်ခွင့်ရတာလေးတွေ ရှိတယ်။ အဲဒီဘောင်ထဲကနေပြီးတော့ အတွင်းကနေလူတွေက လုပ်ကြ။ အပြင်က လူတွေကလည်း လုပ်ကြ။ အခုအစိုးရကတော့ ၂၀၀၈ ကို ပြင်မယ်လို့ပြောပြီးတော့ ဘာမှ မလုပ်နိုင်တာကတော့။ တချို့တွေကတော့ အစိတ်သား၊ အစိတ်သားပေါ့။ ဥပမာဆိုပါစို့ ကျွန်တော်ဆို တပ်က ပစ်တာတွေ ရှောင်ခဲ့ရတယ်။ တပ်က ဖမ်းတာတွေခံခဲ့ရတယ်။ ထောင်ထဲမှာလည်း အကြာကြီးနေခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် စစ်သားကို မမုန်းဘူး။ စစ်ဗိုလ်ချုပ်တွေကို မမုန်းဘူး။ ကျွန်တော်မုန်းတာက စစ်ဝါဒီနဲ့ စစ်အာဏာရှင်ကိုပဲ မုန်းတာ။ အဲဒီအခါကျတော့ အခု တပ်မတော်သားတွေက ကျွန်တော့်အထင်တော့ ခေတ်မီလာပြီလို့ ထင်ပါတယ်။ အဲဒီအတွက် စစ်အာဏာရှင်နဲ့ စစ်ဝါဒကို သူတို့ကိုယ်၌ကိုယ်က မသုံးခဲ့ဘူးဆိုရင်၊ မကြိုက်တော့ဘူးဆိုရင် ဒါကျွန်တော်တို့ အောင်မြင်တာပဲ။

မေး - No Vote လှုပ်ရှားမှုနဲ့ပတ်သက်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်ကတော့ ညွန့်ပေါင်းအစိုးရဖြစ်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အစ်ကိုရဲ့ အမြင်ကရော ဘယ်လိုရှိမလဲ။

ဖြေ - အမှန်ကတော့ နိုင်ငံရေးကိုနားမလည်ဘဲ သက်သက်မဲ့တိုက်နေတာ။ ညွန့်ပေါင်းအစိုးရဖြစ်ဖို့တောင်မှ No Vote ကြောင့် ပျက်စီးမှာ။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောသလို ပါတီကြီးနှစ်ခုကပဲ နိုင်သွားမှာ။ ကျန်တဲ့ပါတီငယ်တွေ။ ကျွန်တော်တို့ပါတီဆို ၁၅၂ ယောက် ဝင်ပြိုင်တယ်။ ပါတီအလတ်တစ်ခု အနေနဲ့ ၁၅၂ ယောက် ဝင်ပြိုင်တယ်ဆိုတာ ကျွန်တော်တို့ ပိုက်ဆံရှိလို့ မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကြိုးစားရတာ။ No Vote သာလုပ်ရင် ညွန့်ပေါင်းအစိုးရ လုံးဝကိုမဖြစ်ဘူး။ ပါတီကြီးနှစ်ခုက တစ်ခုခုနိုင်သွားလိမ့်မယ်။ 

မေး - တကယ်လို့သာ လာမယ့်ရွေးကောက်ပွဲမှာ No Vote သမားများခဲ့ရင် ဖြစ်လာနိုင်တဲ့ အလားအလာကို ပြောပြပေးစေချင်ပါတယ်။

ဖြေ - No Vote သာ အောင်မြင်သွားရင် ပါတီကြီးနှစ်ခုက တစ်ခုနိုင်သွားလိမ့်မယ်။ ပါတီအလတ်တွေ ရှုံးမယ်။ တိုင်းရင်းသားပါတီတွေရှုံးမယ်။ No Vote လုပ်လိုက်တော့ တချို့သူတွေက ဝေ၀ါးသွားပြီ။ မဲမပေးတော့ဘူး။ သို့သော် အဲဒီပါတီကြီးနှစ်ခုက သူတို့ပါတီဝင်တွေက မဲလာပေးတော့မယ်။ မဲလာပေးတဲ့အခါကျတော့ အဲဒီပါတီကြီးနှစ်ခုထဲက မဲပေးအများဆုံးပါတီက နိုင်သွားမှာပဲ။ အဲဒါကြောင့်မို့လို့ No Vote သာလုပ်ရင် ပါတီကြီးနှစ်ခုထဲက တစ်ခုကနိုင်သွားလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။              

 

Most Read

Most Recent