တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 14 August 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များသည် သြဂုတ် ၁၄ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံ၍  ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများသည် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးနှင့်ပတ်သက်သည်များ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ရာတွင် သိရှိသင့်သည့်အချက်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်ဟု ဖော်ပြထားသည်။

ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီပါတီသစ်က လာမည့်ရွေးကောက်ပွဲသည် လက်ရှိအခြေအနေများအရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း တင်ပြဆွေးနွေးခဲ့သည်ဟု ယင်းပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

“လွတ်လပ်တဲ့ တရားမျှတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာကို အခုပေါ်ပေါက်နေတဲ့ သက်သေခံအထောက်အထားတွေနဲ့ ဒါကတော့ ကျွန်တော် တင်ပြတယ်လေ။ တင်ပြတဲ့အချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သာဓကဖြစ်တဲ့ ၁၉၅၈ တုန်းက အိမ်စောင့်အစိုးရကို ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်အတွင်းက ဆောင်ရွက်ခဲ့တာ။ အခုလည်း လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်ဖို့ လိုအပ်ချက်ရှိတယ်ဆိုတာကို ကျွန်တော် တင်ပြတယ်။  ဒီနေ့က ပုံမှန်အခြေအနေ မဟုတ်ဘူး။ COVID ဖြစ်ပြီးတော့ ပြည်သူလူထုအလုပ်တွေ ပြုတ်ပြီးတော့ အစာအာဟာရနဲ့ပတ်သက်ပြီး ဘဝအမောဆိုက်နေတဲ့အချိန်မှာ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အရေးပေါ်ကာလပဲ။ အခြေအနေအရ အရေးပေါ်ကာလဖြစ်လာတဲ့အတွက် ဒီအရေးပေါ်ကာလမှာ ပြဋ္ဌာန်းချက်တွေဟာ ဒီအချိန်မှာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို အလေးအနက်ထားဖို့ပေါ့။ အဲဒါပါပဲ ကျွန်တော် အဓိကတင်ပြတာ” ဟု ဦးသိန်းညွန့်က ပြောကြားသည်။

အခမ်းအနားအစီအစဉ်ငါးရပ်ဖြင့် ကျင်းပသည့် အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ နိုင်ငံရေးပါတီများ ကိုယ်စားနိုင်ငံရေးပါတီငါးခုမှ ခေါင်းဆောင်များက ပါတီမူဝါဒများကို ရှင်းလင်းခြင်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းပြည်၏ ပညာရေး၊ စီးပွားရေးနှင့် ချေးငွေဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားအကြောင်းအရာအချို့ကို ပြောကြားခဲ့သည်ဟု ဦးသိန်းညွန့်က  ပြောကြားသည်။

“တပ်ချုပ်ရဲ့ သဘောထားကတော့ တိုင်းပြည်တိုးတက်ရေး၊ ဘာလုပ်လုပ် တိုင်းပြည်ကောင်းစားစေချင်တဲ့စိတ်နဲ့ လုပ်ဖို့ ဒါနံပါတ်တစ်ပေါ့။ နောက်နံပါတ်နှစ်ကတော့ အခုအရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံခြားအထောက်အပံ့ နိုင်ငံခြားသြဇာခံ နိုင်ငံခြားနဲ့ပတ်သက်တဲ့ လူမျိုးမဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူကောင်းတွေ ဖြစ်လာမှာပေါ့။ ဒါကို သူအလေးအနက်ထောက်ပြခဲ့တယ်” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား  လာရောက်တွေ့ဆုံမိတ်ဆက်ကြသည့် ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊  အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊  ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဒေါ်နန်းရွှေကြာ၊  " ၀ "အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ  ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးပိုက်ထွေး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ  ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ  ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း၊  မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊   ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ် ကျော်မြင့် တို့ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ် ၂၂ ရက်က ပထမအကြိမ်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ထိုစဉ်က နိုင်ငံရေးပါတီ ၃၂ ပါတီပါဝင်ကာ တွေ့ဆုံမှုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေးပါတီများကို ဦးဆောင်၍ စီစဉ်ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent