အလုပ်အဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုသော်လည်း ဆွေးနွေးချက်များအပေါ်သုံးသပ်ပါက ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ ယခုထက်ပိုမိုရသင့်ကြောင်း တွေ့ရမည်ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
သြဂုတ် ၁၃ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ-၁ (MICC-1) တွင်ကျင်းသည့် (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JCM ၌ အဖွဲ့ အမှာစကားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ယခုအစည်းအဝေးက အလုပ်အဖွဲ့များရဲ့ ကြိုတင်ညှိနှိုင်းသဘောတူညီချက်များအပေါ် အတည်ပြုကြရမှာဖြစ်ပါတယ်။ အလုပ်အဖွဲ့များရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါသော်လည်း ဆွေးနွေးချက်များအပေါ် သုံးသပ်ရလျှင်ဖြင့် ကြိုတင်ညှိနှိုင်း သဘောတူညီချက်များအား ယခုထက်ပိုမို၍ ရသင့်ပါကြောင်းလည်း တွေ့ရမှာဖြစ်ပါတယ်။ ယခု (၉) ကြိမ်မြောက် JICM ညှိနှိုင်းအစည်းအဝေးအတွက် အလုပ်အဖွဲ့များ ညှိနှိုင်းဆွေးနွေးမှု (၄) ကြိမ်ဆောင်ရွက်ခဲ့ရာမှာ အချို့အချက်များဟာ NCA မှာ အတိအကျဖော်ပြပါရှိပြီး ဖြစ်သော်လည်း စာသားအဓိပ္ပာယ်အယူအဆ အနက်ကောက်မှု လွဲချော်သွားခြင်းဖြင့် ဆွေးနွေးရမယ့် အချက်အသစ်အား မဆွေးနွေးနိုင်ဘဲ အဆိုပါအယူအဆအချက်အလက် လွဲမှားနေသည့် သက်ဆိုင်ရာ NCA ပါအချက်ကို ထပ်မံရှင်းလင်းဆွေးနွေးရခြင်း၊ NCA ကို အခြေခံသည့် ညှိနှိုင်းအစည်းအဝေးများ၌ Bilateral၊ Parallel လို မူလသဘောတူညီချက်ကိုပင် ထပ်မံ၍ပြင်ဆင်လိုမှုကြောင့် အပြန်အလှန် ထပ်မံဆွေးနွေးရခြင်း၊ Federal Security System လိုမျိုး၊ NCA တွင် မပါရှိဘဲ လုံခြုံရေး မပတ်သက်သည့် စာသားများ ထည့်သွင်းဆွေးနွေးခြင်းစတဲ့ ဥပမာ အချို့အချက်များအရ ရှေ့ဆက်လက်ဆွေးနွေးရမယ့် အချက်များကို အရှိန်အဟုန်နဲ့ ဆွေးနွေးရမယ့်အစား နောက်ကြောင်းပြန် ရှင်းလင်းခြင်း၊ ထပ်မံဆွေးနွေးရခြင်းဖြင့် မလိုလားအပ်သော အဖိုးတန်အချိန်များ ကုန်ဆုံးသလို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကြန့်ကြာနေမှာ ဖြစ်တဲ့အတွက် အလုပ်အဖွဲ့များ ရှေ့ဆက်လက်ပြီး ဆွေးနွေးရန်ကျန်ရှိသည့် အချက်များကို အရှိန်အဟုန်ဖြင့် ဆွေးနွေးရာမှာ သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
(၉) ကြိမ်မြောက် JICM အစည်းအဝေးသို့ တက်ရောက်လာသူများသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအားနိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရာတွင်လည်း နိုင်ငံ၏ ရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ စရိုက်၊ လက္ခဏာများအပေါ်မူတည်၍ ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပုံစံကိုသာ ချမှတ်ရမည်ဖြစ်ပြီး နိုင်ငံ၏ မြေ၊ ရေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ စရိုက်၊ လက္ခဏာ၊ ယဉ်ကျေးမှုအပေါ်တွင် အခြေခံ၍ ဒို့တာဝန်အရေးသုံးပါး ဦးတည်ချက်များလည်း မပျောက်ပျက်စေဘဲ ဆက်လက်ဆွေးနွေးပြီး ရလဒ်ကောင်းများ လက်ရှိထက် ပိုမိုရရှိစေကြောင်းလည်း ဆန္ဒပြုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒီလိုဆောင်ရွက်ရာမှာလည်း ဆွေးနွေးရာမှာလည်း လွတ်လပ်ရေးနဲ့အတူ ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် အဖွဲ့အစည်းအချင်းချင်း ယုံကြည်မှု တည်ဆောက်ရတဲ့နေရာမှာ မယုံကြည်မှုများ အတတ်နိုင်ဆုံး ဖြေလျော့ကြရမှာလည်းဖြစ်ရာ အဖွဲ့အစည်းအချင်းချင်း တစ်ဖက်နှင့်တစ်ဖက် သံသယဖြစ်စရာ၊ မသင်္ကာဖွယ်ဖြစ်စရာများကို လုံးဝဆောင်ရွက်ခြင်းမပြုလျှင် အကောင်းဆုံးဖြစ်ပါတယ်။ သံသယနည်းလျှင် ယုံကြည်မှုတိုးလေ ဖြစ်လာမှာဖြစ်၍ ရှေ့ဆက်လက် အလုပ်အဖွဲ့များ ဆွေးနွေးရာတွင်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရာမှာလည်းကောင်း၊ သံသယဖြစ်စေမည့်ကိစ္စရပ်များ အတတ်နိုင်ဆုံး ရှောင်ရှားပေးကြဖို့လည်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။
လက်ရှိ မိမိတို့သွားနေသည့် ဦးတည်ချက်သည် ပါတီစုံဒီမိုကရေစီစနစ်မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရမည်ဖြစ်သည့်အတွက် ဒီမိုကရေစီခေတ်တွင် လူတိုင်းသည် မိမိဆန္ဒကို ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ ဖော်ထုတ်ခွင့်ရှိသကဲ့သို့ မည်သည့်အဖွဲ့အစည်းမဆို မိမိတို့၏သဘောဆန္ဒကိုလည်း ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ ဖော်ထုတ်တင်ပြခွင့်ရှိကြောင်း၊ တရားဝင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မတွင် အတိအလင်းဖော်ပြထားပြီး ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများအပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆက်လက်ဆွေးနွေးရာတွင်လည်း မိမိအဖွဲ့အစည်းအလိုက် လိုလားသည့်၊ ဖြစ်သင့်သည့်ဆန္ဒများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်အောင်မြင်စွာ ဆွေးနွေးနိုင်ပါစေဟု ဆန္ဒပြုကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။