ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆန္ဒနယ်တူယှဉ်ပြိုင်မည့် ဦးဌေးအောင်က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်း

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆန္ဒနယ်တူယှဉ်ပြိုင်မည့် ဦးဌေးအောင်က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်း
Published 12 August 2020
ဉာဏ်လင်းထွန်း

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဲဆန္ဒနယ်တူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးအောင်က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုအတွင်း ယင်းသို့ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု House of Orchid (ယခင် Orchid ဟိုတယ်) ပိုင်ရှင် ဦးဌေးအောင်က ပြောကြားသည်။

“ နိုင်ငံခြားအထောက်အပံ့ ရယူတာရယ်၊ အခုရွေးကောက်ပွဲနီးတော့မှ နိုင်ငံတော်က ထောက်ပံ့ငွေတွေကို အလွဲသုံးစားလုပ်ပြီးမှ ပါတီကပဲ ပေးတယ်တို့၊ ပါတီကိုမဲပေးတို့ဆိုတဲ့ အထောက်အထားတွေနဲ့ ကျွန်တော် တိုင်လိုက်တာပါ” ဟု ဦးဌေးအောင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ပြည်ပအဖွဲ့အစည်းအချို့မှ ငွေကြေးနှင့် အခြားအထောက်အပံ့များ ရယူထားကြောင်းနှင့် ကော့မှူးမြို့နယ်တွင် အစိုးရက အခြေခံလူတန်းစားများအား COVID-19 ထောက်ပံ့ငွေ ပေးအပ်ရာ၌ တာဝန်ရှိသူအချို့က NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ရန် လှုံ့ဆော်မှုအချို့ ရှိခဲ့ကြောင်း ဦးဌေးအောင်က သြဂုတ် ၈ ရက်တွင် ပြောကြားထားသည်။

“ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကို ကန့်ကွက်ဖို့ဆိုတာတော့ ကျွန်တော်က အာဃာတတရားတို့ ဘာတို့တော့ မပါပါဘူး။ သို့သော် ဒီနေ့ နိုင်ငံရေးအခြေအနေနဲ့က NLD အစိုးရဖြစ်ရင် တိုင်းပြည်မတည်မငြိမ် ဖြစ်မယ်။ ဒီမျှော်ရည်မှုတွေနဲ့ အစ်မကို မပြိုင်စေချင်တော့တာပါ။ စိတ်စေတနာကောင်းနဲ့ပေါ့နော်” ဟု ဦးဌေးအောင်က ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၅ (ခ) တွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် မဲဆန္ဒနယ်တူ ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို လုံလောက်သောအထောက်အထားများဖြင့် ကန့်ကွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဦးဌေးအောင်၏ ရွေးကောက်ပွဲကန့်ကွက်လွှာကို လက်ခံရရှိကြောင်းနှင့် ကန့်ကွက်မှုအပေါ် ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။

“ အချက်ကတော့ သူ (ဦးဌေးအောင်) လွှင့်နေတဲ့ဟာပါပဲ။ နိုင်ငံခြားအထောက်အပံ့ယူတယ်။ ဘာညာပေါ့နော်။ အဓိကအချက်ကတော့ အဲဒါပါပဲ။ ဒီထက်ပိုပြီတော့ ပြောလို့မရဘူး” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ကို ခုနစ်ရက်အတွင်း အပြီးဆောင်ရွက်မည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထိုသို့ အဆိုပါ ကော်မရှင်အဖွဲ့ခွဲများ၏ ဆုံးဖြတ်ချက်အမိန့်အပေါ် ကျေနပ်ခြင်းမရှိပါက အမိန့်ချမှတ်သည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အယူခံခွင့် ရှိမည်ဖြစ်သည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများသည် အမည်စာရင်း လိမ်လည်တင်သွင်းခြင်း၊ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့် ပြည့်စုံမှုမရှိခြင်းအပါအဝင် အချက်လေးချက်နှင့်စပ်လျဉ်းပြီး ကန့်ကွက်ခံရသူ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာကို ပယ်ဖျက်နိုင်ကြောင်း ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၂၇ တွင် ပြဋ္ဌာန်းပါရှိသည်။

သို့ရာတွင် ကန့်ကွက်သူအနေဖြင့် ကန့်ကွက်ချက်နှင့်စပ်လျဉ်းသည့် သက်သေအထောက်အထား ထင်ရှားစွာ တင်ပြနိုင်ခြင်းမရှိလျှင် ၎င်း၏ကန့်ကွက်လွှာကို ပယ်ဖျက်ရမည်ဟု အဆိုပါ နည်းဥပဒေ ၂၈ (က) တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent