ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး လေးလကျော်အတွင်း ကုမ္ပဏီသုံးခု၏ အစုရှယ်ယာအရေအတွက် ၄၄၄၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား

ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး လေးလကျော်အတွင်း ကုမ္ပဏီသုံးခု၏ အစုရှယ်ယာအရေအတွက် ၄၄၄၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား
ရန်ကုန် စတော့အိတ်ချိန်းတွင် နေ့စဉ် အရောင်းအဝယ်စာရင်းများ လေ့လာကြည့်ရှုနေသူအချို့ကို တွေ့ရစဉ်
ရန်ကုန် စတော့အိတ်ချိန်းတွင် နေ့စဉ် အရောင်းအဝယ်စာရင်းများ လေ့လာကြည့်ရှုနေသူအချို့ကို တွေ့ရစဉ်
Published 12 August 2020
စည်သူအောင်

ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး လေးလကျော်အတွင်း ကုမ္ပဏီသုံးခု၏ အစုရှယ်ယာ အရေအတွက် ၄၄၄၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန် စတော့အိတ်ချိန်းက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစ၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၁ ရက် စာရင်းများအရ ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ ခြောက်ခုအနက် ကုမ္ပဏီ သုံးခု၏ အစုရှယ်ယာ ၄၄၄၆၇ ခုကို ဝယ်ယူထားသည်။

ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာ ပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) တွင် ၅၇၁၅ ခု၊ မြန်မာသီလဝါအက် (စ်) အီးဇက်ဟိုးလ်ဒင်းပတ်ပလစ်လီမိတက် (MTSH) တွင် ၃၃၃၇၂ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၅၃၈၀ ခု ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့် လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ကြေညာချက်အမှတ် (၄/၂၀၂၀) ဖြင့် အသိပေးကြေညာသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြးချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ရာ၍ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံ ခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာရယူရန် လိုအပ်သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူ ဖြစ်ပါက Resident Kyat Account For Securities (R-KAS) နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non-resident Kyat Account For Securities (N-KAS) နှင့် Non-resident Foreign Currency Account For Securities (N-FAS) ဘဏ် စာရင်းများ ဖွင့်လှစ်ပြီးမှသာ Securities Company များတွင် Securities Account များ ဖွင့်လှစ်ရန် ဖြစ်သည်။

သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများအနေဖြင့် ကော်မရှင်က သတ်မှတ်ထားသည့် ဘဏ်စာရင်းများ အသီးသီးဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က မေတ္တာရပ်ခံအသိပေး ကြေညာထားသည်။

ရန်ကုန် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များ လိုက်နာဆောင်ရွက်ရမည့် အချက်များကို နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/ ၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ငွေကြေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့်ကြော် ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြား ချက်အမှတ် ၁/၂၀၂၀ များအရ ပြည်တွင်း ၌ နေထိုင်သူ နိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူ နိုင်ငံခြားသားများအား ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရောင်းဝယ်ခွင့် ပြုမည်ဖြစ်သည်။

ညွှန်ကြားချက်အမှတ် ၁/၂၀၂၀၊ အပိုဒ် ၁၉ အရ နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုကို ခံယူရန်ဖြစ်ကြောင်း ညွှန်ကြားထားသည်။                                                                        

Most Read

Most Recent