မူဆယ်မြို့ မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း အစားထိုးပြင်ဆင်ခြင်းခံခဲ့ရသည့် ဒေါ်စန်းစန်းထွေး တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်

မူဆယ်မြို့ မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း အစားထိုးပြင်ဆင်ခြင်းခံခဲ့ရသည့် ဒေါ်စန်းစန်းထွေး တစ်သီးပုဂ္ဂလ ဝင်ပြိုင်မည်
Published 11 August 2020
ပြည့်စုံ (မူဆယ်)

မူဆယ်မြို့ မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း အစားထိုးပြင်ဆင်ခြင်း ခံခဲ့ရသည့် ဒေါ်စန်းစန်းထွေးက တစ်သီးပုဂ္ဂလအဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မူဆယ်မြို့နယ်၊ အမှတ် (၁) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ ပါတီအကျိုးထက် မူဆယ်မြို့‌နေ ပြည်သူများ၏ အကျိုးကိုကြည့်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်စန်းစန်းထွေးက ပြောကြားသည်။

“ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ကျွန်မ ဆောင်ရွက်ထားတဲ့ ဆောင်ရွက်ချက်တွေ၊ ဒေသအတွက် ပြည်သူအတွက် လုပ်ပေးခဲ့တဲ့ဟာတွေအတွက် ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုအပြည့်ရှိသလို ကျွန်မထင်ခဲ့တာက ကျွန်မရဲ့လုပ်ဆောင်ချက် ကျွန်မရဲ့ဆောင်ရွက်ချက်တွေကို ပါတီကလည်း ရှေ့ဆက်ပြီးတော့ ပြည်သူအတွက် လုပ်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးချယ်ခဲ့တာပဲ၊ တာဝန်ပေးခဲ့တာပဲ၊ အခုလိုအကြောင်းပြချက်မရှိဘဲ ကျွန်မကိုရပ်ဆိုင်းလိုက်ပြီး အခြားသူတစ်ဦးကို အစားထိုးလိုက်တဲ့အပေါ်မှာ ဘာမှမပြောလိုပေမဲ့ ကျွန်မရဲ့နိုင်ငံရေး လုပ်ဆောင်ချက်တစ်ခုကိုတော့ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုအပြည့်ရှိတယ်။ မူဆယ်မြို့အနေနဲ့ မူဆယ်မြို့ပေါ်မှာရှိနေတဲ့ ပြည်သူလူထုတွေရဲ့ ပေးလာတဲ့ ခွန်အားတွေပေါ့။ ပေးလာတဲ့အချိန်မှာ ကျွန်မစိတ်တွေ တော်တော်လေး ခံပြင်းပါတယ်။ ခံပြင်းတာနဲ့အတူ တော်တော်လေးလည်း စိတ်ခံစားရပါတယ်။ အမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အတွက် ကျွန်မရဲ့ သိက္ခာပိုင်းကို ကျွန်မရဲ့ပါတီက ပြောင်ပြောင်တင်းတင်းပဲ လူ့အခွင့်အရေးချိုးဖောက်ပြီး ရိုက်ချိုးလိုက်တာပဲလို့ သိလိုက်ရတဲ့အချိန်မှာ တော်တော်လေးခံပြင်းခဲ့ပေမဲ့ ကျွန်မ မူဆယ်ကိုပြန်ရောက်တဲ့အချိန်မှာ မူဆယ်မြို့ လူထုရဲ့ ကျွန်မအပေါ်မှာထားနေတဲ့ မျှော်လင့်ချက်တွေ အားကိုးယုံကြည်မှုတွေကို ဖုန်းနဲ့ဆက်ပြီးတစ်မျိုး လူကိုယ်တိုင်လာတွေ့ပြီးတော့ တစ်မျိုး အမျိုးမျိုးပေးလာတဲ့ သူတို့ရဲ့ခွန်အားတွေပေါ့။ ဒီခွန်အားတွေနဲ့အတူတူ ရှေ့ဆက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်ပြီးတော့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးအချယ်ခံဖို့အတွက် ပြည်သူလူထုပေးတဲ့ ခွန်အားကိုလည်း ယုံကြည်တယ်။ ပြည်သူလူထုတွေရဲ့ ကျွန်မအပေါ်မှာ မျှော်လင့်နေတဲ့ မျှော်လင့်ချက်တွေ၊ အထူးသဖြင့် ပြည်သူလူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဆယ်ဆိုတာထက် သူတို့ရဲ့မျှော်လင့်ချက်ဟာ ဒေါ်စန်းစန်းထွေးအပေါ်မှာပဲ ရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာပဲ ကျွန်မ ပြည်သူလူထုအတွက် ယုံကြည်မှုအပြည့်နဲ့ ဒီလမ်းကိုရွေးလိုက်တာပါ” ဟု ဒေါ်စန်းစန်းထွေးက ပြောကြားသည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ၎င်းမှာ မူဆယ်မြို့နယ်၌ ပထမဦးဆုံး အမျိုးသမီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် အနိုင်ရရှိပါက ဒေသတွင်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်မကိုယ်တိုင်လည်း ကူညီ‌ဆောင်ရွက်ပေးနေရတဲ့အရာတွေမှာ တရားဥပဒေစိုးမိုးမှု၊ ထိရောက်မှု၊ သက်ရောက်မှုတွေ လုံးဝမရှိသေးဘူး။ ကျွန်မတို့ရဲ့ ပြည်သူတွေ ဥပဒေအရ ခိုင်ခိုင်မာမာ လုံလုံခြုံခြုံ နေနိုင်အောင် ဥပဒေအတွင်းကနေပြီးတော့ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်‌အောင် ကျွန်မ လုပ်ပေးဖို့ စဉ်းစားထားတယ်။ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ကျွန်မအနိုင်ရပြီးလို့ရှိရင် လုပ်ကိုလုပ်ပေးသွားရမယ့်အရာတွေပါပဲ။ လုပ်ပေးဖို့အတွက် ကျွန်မ ဝင်ပြိုင်တာပါ” ဟု ဒေါ်စန်းစန်းထွေးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ရာတွင် မူဆယ်မြို့နယ် အမှတ် (၁) ပြည်နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်စန်းစန်းထွေးအား အတည်ပြုခဲ့သော်လည်း ဇူလိုင် ၃၀ ရက်တွင် NLD ပါတီ ဗဟိုကော်မတီက ရှမ်းပြည်နယ်လွှတ်တော် မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်စန်းစန်းထွေးအစား ဦးစိုင်းထွန်းကိုကိုကို အစားထိုးပြင်ဆင်ခဲ့သည်။

အဆိုပါ ဒေါ်စန်းစန်း‌ထွေး၏ အမည်စာရင်းကို ပယ်ဖျက်၍ ဦးစိုင်းထွန်းကိုကိုအား အစားထိုးလိုက်သည့်အပေါ် ဒေသခံပြည်သူ ၆၀၀ ကျော်က သြဂုတ် ၆ ရက်တွင် လက်မှတ်ရေးထိုး၍ နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ်ရုံးခွဲထံ စာပေးပို့မှုပြုလုပ်ခဲ့သည့်အပြင် ရှမ်းပြည်နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့၊ မူဆယ်ခရိုင် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မီဒီယာဌာနများသို့ မိတ္တူ ပေးပို့ထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent