၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ (သိပ္ပံဘာသာတွဲ) အမှတ်အများဆုံးရရှိသူ မမေသက်ထွန်းနှင့် တွေ့ဆုံခြင်း

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ (သိပ္ပံဘာသာတွဲ) အမှတ်အများဆုံးရရှိသူ မမေသက်ထွန်းနှင့် တွေ့ဆုံခြင်း
Published 10 August 2020
လွင်မျိုးသူ၊ ဆုဆုတေဇ

၂၀၂၀ တက္ကသိုလ်ဝင်အောင်စာရင်းကို ကြေညာခဲ့ပြီးနောက် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိတဲ့ The Whole Burma First ပေါ်ထွက်လာပါတယ်။ သူကတော့ အထက (၁) ဒဂုံက ကျောင်းသူ မမေသက်ထွန်းပါ။ မမေသက်ထွန်းဟာ သိပ္ပံဘာသာရပ် ယူထားပြီး ခြောက်ဘာသာဂုဏ်ထူးကို ရမှတ် ၅၅၂ ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမနေရာကို ရောက်ရှိလာပါတယ်။ မမေသက်ထွန်းနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး - The Whole Burma First ဖြစ်သွားတဲ့အတွက် ဘယ်လိုခံစားနေရလဲ ပြောပြပေးပါ။

ဖြေ - မမျှော်မှန်းဘဲနဲ့ ရသွားတာဆိုတော့ အရမ်းကိုပျော်ပါတယ်။

မေး - တစ်နှစ်တာလုံး အိပ်ချိန်၊ စားချိန် ၊ စာကျက်ချိန်တွေကို ဘယ်လိုအချိန်ဇယားဆွဲပြီး တစိုက်မတ်မတ် လေ့လာခဲ့သလဲ။

ဖြေ - Top 10  ဝင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တော်တော်လေးကို ကြိုးစားခဲ့ပါတယ်။ သိပ်ပြီးတော့ ကျက်ရတာ အဆင်မပြေတဲ့ ဘာသာတွေကို ပိုပြီးတော့ အချိန်ပေးတယ်။ ပိုပြီးတော့ ကျက်ဖြစ်တယ်။ တခြားဘာသာတွေထက် တွက်ရတာ အခက်အခဲရှိတဲ့ ပုစ္ဆာတွေဆိုရင်လည်း အထပ်ထပ်အခါခါ တွက်ပြီးတော့ လေ့ကျင့်ခဲ့ပါတယ်။ အိပ်ချိန်ကတော့ ပုံမှန် သတ်မှတ်ထားတာ မရှိဘူး။ အချိန်ဇယား သတ်မှတ်ထားတယ်။ အဲဒီအချိန်ဇယားအတိုင်းကိုပဲ ဝင်အောင်လုပ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းကစာမေးပွဲတွေ ကျူရှင်က စာမေးပွဲတွေကြောင့် အချိန်ဇယားအတိုင်း မဝင်ခဲ့ဘူး။ အိမ်စာတွေ မပြီးဘူးဆိုရင် အိပ်ချိန်ထဲက နည်းနည်း လျှော့လိုက်တယ်။ နည်းနည်း ညဉ့်နက်တဲ့အထိ စာပိုလုပ်ဖြစ်တယ်။ အိမ်က အစစအရာရာ ဂရုစိုက်ပေးတဲ့အတွက် အဆင်ပြေပါတယ်။

မေး - ဒီလို တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိဖို့ တစ်နှစ်တာလုံး ဘယ်လိုကြိုးစားခဲ့လဲ။

ဖြေ - အားနည်းတဲ့ ဘာသာက အဓိက ကတော့ ဓာတုဗေဒပေါ့။ ဓာတုဗေဒ Defination တွေ ကျက်တယ်။ မရဘူးပေါ့ မေ့သွားတယ်။ ဆရာမတွေလာတယ်။ မေးတယ်။ မရဘူးပေါ့။ အဲဒီလိုမျိုး ကျက်လို့မရတဲ့ အခါကျတော့ မကျက်တော့ဘဲနဲ့ တစ်နေ့ကို ဘယ်နှမျက်နှာ ဖတ်မယ်ပေါ့။ Chapter ဘယ်ကနေ ဘယ်အထိ။ နောက်ပိုင်းကျတော့ Chapter အလိုက် အပြတ်ဖတ်တယ်ပေါ့။ ခဏခဏ ဖတ်တဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ ခေါင်းထဲမှာ စွဲလာတယ်ပေါ့နော်။ အဲဒီလိုနဲ့ပဲ ကျက်ရတာ လွယ်သွားတယ်။ Equation တွေကိုလည်း

ချရေးပြီးတော့ လေ့ကျင့်တယ်။

မေး -  ဘယ်တက္ကသိုလ် တက်ဖြစ်မလဲ။

ဖြေ - ငယ်ငယ်ကတော့ ဆရာဝန် ဖြစ်ချင်တာပေါ့နော်။ ဆရာဝန်က လူတိုင်းရဲ့ အရမ်းကို လေးစားအားကျစရာကြီး ဖြစ်နေတဲ့အတွက်ကြောင့် ဆရာဝန် ဖြစ်ချင်ခဲ့ပါတယ်။ အခုလည်း ဖြစ်ချင်ပါတယ်။ အခုလည်း ဆေးတက္ကသိုလ်ပဲ တက်ဖြစ်မယ်လို့ ထင်ပါတယ်။

မေး - ငယ်ငယ်ကရော ဘယ်လို ထူးချွန်ဆုတွေ ရခဲ့လဲ။

ဖြေ - ငယ်ငယ်ကတော့ ထူးချွန်ဆု ဆိုပြီးတော့ ထူးထူးခြားခြား ရခဲ့တာမျိုးတော့ မရှိဘူးပေါ့နော်။ ရှစ်တန်းလောက်က စပြီးတော့ ကျောင်းမှာ ပြိုင်ဘက်တွေက နည်းနည်းများလာတယ်။ ပြီးတော့ သချင်္ာအိုလံပစ်တွေလည်း ဝင်ပြိုင်ဖြစ်တယ်ပေါ့ နော်။ နောက်ပိုင်းကျတော့ ကိုးတန်း၊ ၁၀ တန်းမှာလည်း ဆက်တိုက် ဝင်ပြိုင်ဖြစ်တယ်။ အဲဒီလိုနဲ့ ဆုတွေ နည်းနည်းပါးပါး ရတယ်ပေါ့။

မေး -  The Whole Burma First ဖြစ်ရမယ်လို့ရော မျှော်မှန်းထားလား။

ဖြေ - The Whole Burma First ရယ်လို့တော့ မျှော်မှန်းထားတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ သေချာပေါက်   Top 10 ဝင်ရမယ်လို့ ကိုးတန်း၊ ၁၀ တန်းကတည်းက စိတ်ထဲမှာ ရည်မှန်းထားတာမျိုး ရှိပါတယ်။

မေး -  ဒီလို အမှတ်အများဆုံးဆုရှင် ဖြစ်လာဖို့အတွက်် ဆရာ ဆရာမတွေ၊ မိဘတွေရဲ့ အထောက်အပံ့တွေ ဘယ်လိုရခဲ့သလဲ။

ဖြေ - ကျောင်းက ဆရာတွေ ဆရာမတွေကလည်း အမြဲတမ်းအားပေးတယ်။ စာကို ပိုပြီး ကြိုးစားဖို့ အားပေးခဲ့တယ်။ အိမ်က မိဘတွေကလည်း လိုအပ်တာတွေကို ထောက်ပ့ံပေးတယ်။ ကျူရှင်က ဆရာ ဆရာမ တွေကလည်း သေချာသင်ကြားပေးတယ်။ လိုအပ်တဲ့ ဘာသာတွေကို အိမ်မှာ ထပ်ပြီးတော့ မိဘတွေက ပြန်ပြီးတော့ ပံ့ပိုးပေးတယ်ပေါ့။

မေး - ဒီနှစ်စာမေးပွဲမှာ မျှော်မှန်းထားသလို အောင်မြင်ခဲ့တဲ့ လူတွေရှိသလို မမျှော်မှန်းဘဲ ကျရှုံးသွားတဲ့ သူတွေအတွက် အားပေးစကားရော ဘာပြောချင်လဲ။

ဖြေ - မမျှော်မှန်းဘဲနဲ့ ကျရှုံးသွားတဲ့ လူတွေအတွက်ကတော့ နောက်ကြိုးစားဖို့ အခွင့်အရေးက တစ်ခေါက်ပဲ ကျန်တော့တယ်လို့ ပြောချင်ပါတယ်။ မဟုတ်ရင် နောက်တစ်ခေါက်ကျရင် စနစ်တွေက ပြောင်းတော့မယ် ဆိုတော့ နောက်ဆုံးကျန်တဲ့ အခွင့်အရေးကို သေချာဆုပ်ကိုင်ပြီးတော့ အောင်မြင်အောင် လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

မေး - ဒီနှစ် ၁၀ တန်းစာမေးပွဲ ဖြေမယ့် မောင်လေး၊ ညီမလေးတွေအတွက်ရော ဘာပြောချင်လဲ။

ဖြေ - ဒီနှစ်မှတက်မယ့် ၁၀ တန်း မောင်လေး ညီမလေးတွေကတော့ ကိုးတန်းကတည်းက သေချာပေါက် လေ့ကျင့်ထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ တချို့စာတွေပေါ့နော်။ တချို့ဘာသာရပ်တွေ မြန်မာစာတို့ဆိုရင် ကိုယ်ပိုင် အတွေးအခေါ်တွေပါတဲ့ မေးခွန်းတွေကို ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် တစ်ချိန်လုံး ကျက်နေတာကိုပဲ အားသန်နေတာမျိုးပဲ မဟုတ်ဘဲ နဲ့ ကိုယ့်ရဲ့ အတွေးအခေါ် စဉ်းစားဉာဏ်စွမ်းရည်ကိုလည်း လေ့ကျင့်ထားဖို့ လိုတယ်လို့ ထင်ပါတယ်။               

 

Most Read

Most Recent