Chinese 8 Ball ပြိုင်ပွဲဆီမီးဖိုင်နယ် (ဒုတိယပွဲစဉ်) ပထမနေ့တွင် ပြိုင်ဘက်တရုတ်ကစားသမားအား ဘုန်းမြင့်ကျော်ရှုံးနိမ့်

Chinese 8 Ball ပြိုင်ပွဲဆီမီးဖိုင်နယ် (ဒုတိယပွဲစဉ်) ပထမနေ့တွင် ပြိုင်ဘက်တရုတ်ကစားသမားအား ဘုန်းမြင့်ကျော်ရှုံးနိမ့်
Photo: Ko Ar Ti Facebook
Photo: Ko Ar Ti Facebook
Published 9 August 2020

တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် Chinese 8 Ball ပြိုင်ပွဲဆီမီးဖိုင်နယ် (ဒုတိယပွဲစဉ်) ပထမနေ့အဖြစ် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီနှင့် ပြိုင်ဘက်တရုတ်နာမည်ကြီးကစားသမား ချူဘင်ဂျီတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာကစားသမားအားတီမှာ  (၂၀-၂၁)ပွဲဖြင့်ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

ဘုန်းမြင့်ကျော်အနေဖြင့် ပထမပိုင်းအပြီးတွင် (၈-၁၂)ပွဲဖြင့် ရှုံးနိမ့်နေပြီး ယင်းနောက်တွင် ပွဲတူအနေအထားအထိ ပြန်လိုက်နိုင်ခဲ့သည်။ ပွဲငယ်များတွင်မူ အပြန်အလှန်အနိုင်ရရှိခဲ့ပြီး ဘုန်းမြင့်ကျော်မှာ (၂၀-၁၈)ပွဲနဲ့ပြန်ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ချူဘင်ဂျီမှာ နောက်ဆုံး (၃)ပွဲဆက်တိုက်ပြန်လည်အနိုင်ရရှိခဲ့ခြင်းကြောင့် ပွဲအပြီးတွင် (၂၀-၂၁)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဆီးမီးဖိုင်နယ်ဒုတိယနေ့ကို သြဂုတ် (၉)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ချူဘင်ဂျီအနိုင်ရရှိပါက ဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဖြစ်ပြီး၊ ဘုန်းမြင့်ကျော်အနိုင်ရရှိပါက အဆုံးအဖြတ်ပွဲစဉ်အဖြစ် လာမည့် သြဂုတ် (၁၀)ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် အုပ်စုပွဲစဉ်များအပြီး (၂)လကျော်ကြာမှ ဆီးမီးဖိုင်နယ်ပွဲယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များတွင်ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ကာ နောက်ဆုံးပွဲမှသာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် အုပ်စုပွဲကစားခဲ့သည့်လက်စွမ်းအရ အောင်မြင်မှုရရန်ရေးပန်းစားခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ရန်အတွက် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်တွင် နိုင်ပွဲရရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည့်ကစားသမားမှာ မြန်မာငွေကျပ်သိန်း (၁၀၀၀)နှင့်ညီမျှသည့် ပမာဏကိုရရှိမည်ဖြစ်သည်။

 

Most Read

Most Recent