၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ အွန်လိုင်းမှထုတ်ပြန်

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ အွန်လိုင်းမှထုတ်ပြန်
Published 8 August 2020
လွင်မျိုးသူ

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲများကို အွန်လိုင်းမှ ပထမဆုံးအကြိမ်အနေဖြင့် ယနေ့ သြဂုတ် ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို www.moe.gov.mm နှင့် ww.myanmarexam.org တို့တွင် သြဂုတ် ၉ ရက် နံနက် ဝဝး၃၀ က ထုတ်ပြန်ခဲ့သည်။

အွန်လိုင်းဖြင့် အောင်စာရင်းကြည်ရှုရာတွင် အင်တာနက်လိုင်းမရသော ဒေသနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသ များအတွက် အောင်စာရင်းထုတ်ပြန်ကြေညာသည့် ယနေ့ သြဂုတ် ၉ရက်တွင် အောင် စာရင်းနှင့်ပတ်သက်၍ ယင်း call center များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ဖုန်းလက်ခံဖြေကြားသွားမည့် Call Center များဖြစ်သည့် ၀၆၇-၃၄၀၇၈၂၁၊ ၀၆၇-၃၄၀၇၈၁၁၊ ၀၆၇-၃၄၀၇၆၉၁၊ ၀၆၇-၃၄၀၇၆၈၆၊ ၀၆၇-၃၄၀၇၈၁၉၊ ၀၁- ၆၅၃၅၀၉ နှင့် ၀၆၇- ၃၄၃၀၁၆၉ တို့ကို ဆက် သွယ်မေးမြန်းနိုင်ကြောင်း စာစစ်ဦးစီးဌာန က ထုတ်ပြန်ထားသည်။

အင်တာနက် အဆက်အသွယ်မရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများ ကိုမူ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ SKYNET Education Channel တို့တွင်လည်း ကြေညာပေးသွားမည်ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ထွက်ရှိရန် နှစ်လနီးပါး ကြန့်ကြာနေသည့် တက္ကသိုလ် ဝင်အောင်စာရင်းများကို ယခင်နှစ်များကိုကဲ့ သို့ စာစစ်ဌာနများနှင့် အခြေခံအထက်တန်း ကျောင်းများတွင် ထုတ်ပြန်ခြင်းမရှိပေ။

သို့သော် အွန်လိုင်းမှ ထုတ်ပြန်ပြီး နောက်တစ်နေ့ သြဂုတ် ၁၀ ရက်နေ့တွင် အောင်စာရင်းများကိုစာစစ်ဌာနများတွင် ကပ်ထားမည်ဖြစ်သည်။

စာစစ်ဌာနများ၌ အောင်စာရင်း ကြည့်ရှုရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် တာဝန်ကျဆရာ၊ ဆရာများ၏ ကြီးကြပ်မှုဖြင့် တစ်ဦးနှင့်တစ်ဦး Social Distancing နည်း အရ ခြောက်ပေကွာခြားပြီး ကြည့်ရှုနိုင်ရန် စာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။

ထိုသို့သတ်မှတ်ရာတွင် ကျောင်းသား ဦးရေ ၅၀၀ ဦးအောက် စာစစ်ဌာနများတွင် ငါးနေရာစီခွဲ၍လည်းကောင်း၊ ကျောင်းသား ဦးရေ ၅၀၀ မှ ၁၀၀၀ ကြား စာစစ်ဌာနများ တွင် ၁၀ နေရာစီခွဲ၍လည်းကောင်း၊ ကျောင်း သားဦးရေ ၁၀၀၀ အထက် စာစစ်ဌာနများ တွင် ၁၆ နေရာခွဲ၍ တန်းစီပြီး ကြည့်ရှုရမည် ဖြစ်သည်။

အောင်စာရင်းလာကြည်မည့်သူများ နှာခေါင်းစည်းများကိုတပ်ဆင်လာရန်၊ အသက်ကြီးရင့်သူများနှင့် နာတာရှည်ရောဂါ ရှိသူများနှင့် ၁၄ ရက်အတွင်း ကိုဗစ်အတည်ပြု လူနာတစ်ဦးဦးနှင့် ထိတွေ့ခဲ့သူများ အောင်စာရင်း လာရောက်ကြည့်ရှုခြင်းမပြုရန် တားမြစ်ထားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး ၊ ပြည်နယ် ပညာရေးမှူးရုံးများ တွင်လည်းကောင်း ၊ ခရိုင်အလိုက် သိရှိလိုပါ က သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများတွင် လည်းကောင်း ၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများ တွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင် ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို ရန်ကုန်၊ ဒဂုံ၊ မြစ်ကြီးနား၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊  မုံရွာနှင့် မကွေးတက္ကသိုလ်စသည့်စာစစ်ဌာန ၁ဝခု တွင် စစ်ဆေးခဲ့သည်။

၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲကို မတ် လ ၁၁ ရက် မှ ၂ဝရက် အထိ ကျင်းပခဲ့သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရင်စာရင်းပေးသွင်းသူ ၉၇၀၀၀၀ ကျော် ရှိရာ ဝင်ရောက်ဖြေဆိုသူ ၉၁၀၀၀၀ ကျော် ရှိခဲ့သည်။

ယမန်နှစ် ၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိကာ အောင်မြင်ရာခိုင် နှုန်း ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေ ဆိုသူ ၇၈၉၈၄၅ ဦးရှိကာ အောင်မြင်သူ ၂၅၉၁၁၉၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုသူ ၇၁၆၁၈၈ ဦးရှိ သည့်အနက် ၂၄၂၇၃၆ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ ရာခိုင် နှုန်းရှိခဲ့သည်။

 

 

Most Read

Most Recent