အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး ကျဆင်းမှုလျော့နည်းခဲ့ပြီး ပြည်ပသို့ ရောင်းအားကျဆင်းမှု အားပျော့လာသော်လည်း အလုပ်အကိုင်နေရာများ တစ်ဟုန်ထိုး ဆက်လက်ကျဆင်း

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး ကျဆင်းမှုလျော့နည်းခဲ့ပြီး ပြည်ပသို့ ရောင်းအားကျဆင်းမှု အားပျော့လာသော်လည်း အလုပ်အကိုင်နေရာများ တစ်ဟုန်ထိုး ဆက်လက်ကျဆင်း
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်နေသော ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 6 August 2020
စည်သူအောင်

အာဆီယံထုတ်လုပ်ရေးကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ် နှစ်ရပ်စလုံး ကျဆင်းမှု လျော့နည်းခဲ့ပြီး ပြည်ပသို့ ရောင်းအားကျဆင်းမှု အားပျော့လာသော်လည်း အလုပ်အကိုင်နေရာများ တစ်ဟုန်ထိုး ဆက်လက် ကျဆင်းနေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (COVID-19) ကြောင့် အာဆီယံထုတ်လုပ်မှု အခြေအနေများ ရှေ့ဆက် ဆုတ်ယုတ်လာခဲ့ကြောင်း ဇူလိုင်ဒေတာက အချက်ပြနေပြီး ကျဆင်းမှုနှုန်းမှာ ငါးလအတွင်း အညင်သာဆုံး အချက်ပြခဲ့သော်လည်း စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ကျဆင်းမှုနှုန်းမှာ နှေးလာခဲ့သည်။

အာဆီယံ PMI အညွှန်းကိန်းသည် ဇွန်တွင် ၄၃ ဒသမ ၇ ရှိရာမှ ဇူလိုင်တွင် ၄၆ ဒသမ ၅ သို့ မြင့်တက်လာခဲ့ရာ ထုတ်လုပ်ရေးကဏ္ဍ ကျဆင်းမှု အားပျော့လာခြင်းကို အချက်ပြ ခဲ့သော်လည်း ၅၀ မှတ်အောက်တွင် ဆက်ရှိ နေခြင်းက ထုတ်လုပ်ရေးအခြေအနေ ငါးလဆက်တိုက် ဆုတ်ယုတ်နေဆဲဖြစ်ကြောင်း အချက်ပြနေသည်။ ဇူလိုင်ဒေတာအရ ထုတ် လုပ်ရေးနှင့် အော်ဒါသစ်နှစ်ရပ်စလုံး ကျဆင်းခဲ့သော်လည်း နှုန်းထားမှာ ငါးလအ တွင်း အညင်သာဆုံးဖြစ်ခဲ့သည်။ ပြည်ပမှ အော်ဒါများ သိသာစွာထပ်ကျသွားခဲ့၍ လက်ရှိဒေတာကိုကြည့်ရခြင်းဖြင့် ရောင်းချမှုထဲရှိ တိုးတက်မှုမှန်သမျှကို ပြည်တွင်းမှ ဝယ်လိုအားက အဓိကမောင်းနှင်ပေးခဲ့သည် ဟု ယူဆရသည်။ သို့ဖြစ်၍ ကုမ္ပဏီများက ဝန်ထမ်းဦးရေကို ၁၄ လမြောက်ဆက်တိုက် ဖြတ်တောက်ခဲ့ကြရာ အလုပ်နေရာလျှော့ချ ခံခဲ့ရသည့်နှုန်းမှာ မြင့်မားလျက်ရှိသည်။

စစ်တမ်းတွင် ပါဝင်သည့်ခုနစ်နိုင်ငံအ နက် မြန်မာတစ်နိုင်ငံသာလျှင် ဇူလိုင်တွင် လုပ်ကိုင်မှု အခြေအနေ တိုးတက်ခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီး ညွှန်းကိန်း ၅၁ ဒသမ ၇ မှာ ခြောက်လအတွင်း အမြင့်ဆုံးဖြစ်သည်။ ကျန်နိုင်ငံများကို ကြည့်လျှင် မလေးရှားတွင် လုပ်ကိုင်မှုအခြေအနေများ တုံ့ဆိုင်းနေခဲ့ပြီး ညွှန်းကိန်းမှာ ၅၀ တွင်ရှိနေသည်။ ဖိလစ်ပိုင် နိုင်ငံမှာ ငါးလဆက်တိုက်ကျဆင်းနေပြီး ညွှန်းကိန်း ၄၈ ဒသမ ၄ က ယခင်လကထက် အခြေအနေဆိုးသည်ကို ညွှန်ပြနေသည်။ ဗီ ယက်နမ်တွင်လည်း လုပ်ငန်းအခြေအနေ ဆုတ်ယုတ်လာသည်ကို တွေ့မြင်နေရပြီး ညွှန်းကိန်း ၄၇ ဒသမ ၆ မှာ ၅၀ အောက် ရောက်၍ လုပ်ငန်းကျဆင်းမှုကို အချက်ပြနေသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကုန်ထုတ်လုပ်ငန်းများ အခြေအနေ ဆက်လက် ဆုတ်ယုတ်လာပြီး ညွှန်းကိန်းမှာ ၄၆ ဒသမ ၉ မှာ ယခင်လကထက် မြင့်တက်လာသော်လည်း အနည်းငယ်မျှသာ တိုးတက်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှာ လုပ်ငန်းအခြေအနေကျဆင်းမှု အားပျော့လာခဲ့ပြီး ညွှန်းကိန်း ၄၅ ဒသမ ၉ က ခိုင်မာသည့် ကျဆင်းမှုနှုန်း ဖြစ်ဆဲဖြစ်သည်။ စင်ကာပူမှာ ခုနစ်နိုင်ငံအနက် အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရပြီး ညွှန်းကိန်း ၃၇ ဒသမ ၃ အထိ ဆက်လက်ထိုးကျသွားခြင်းက ကုန်ထုတ်ကဏ္ဍဆက်၍ ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။

ဇူလိုင်ဒေတာမှာ ခြုံပြောရလျှင် ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်ထဲသို့ ရောက်သည့်တိုင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အားနည်းလျက်ရှိနေခြင်းကို မီးမောင်းထိုးပြခဲ့ပြီး ကျဆင်းလာမှုမှာ ငါးလဆက်တိုက် ရှိပြီဖြစ်သည်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် အလုပ်နေရာများ အပါအဝင် အဓိကကိန်းဂဏန်းများမှာ ယခင်ကထက် အားပျော့လာကြသော်လည်း နိုင်ငံခြားမှဝယ်လိုအား သိသာစွာ ကျဆင်းလာခဲ့၍ ပြည်ပပို့ကုန် စျေးကွက်များမှာ အားနည်းမှု၏ အဓိက အကြောင်းရင်းအဖြစ် ဆက်လက်ရှိခဲ့သည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ ကြီးထွားလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းက လေးလဆက်တိုက် မြင့်တက်ခဲ့သော်လည်း ဇူလိုင်နှုန်းက ဇွန်လနှုန်းထက် မသိမသာ နည်းခဲ့သည်။ ကုမ္ပဏီများက ထည်သွင်းကုန်ကျစရိတ်မြင့် တက်လာခြင်းကို ရောင်စျေးမြှင့်တင်ပြီး ဝယ်သူများထံသို့ ဖို့ချခဲ့သည်။ ရောင်းစျေးဖောင်းပွလာမှုနှုန်းမှာ တစ်နှစ်နီးပါးအတွင်း အများဆုံးဖြစ်ခဲ့သည်။

အနာဂတ်ဆီသို့ မျှော်ကြည့်လျှင် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ ဇူလိုင်တွင် အပြုသဘောဆောင်လျက် ရှိသော်လည်း ဇူလိုင်တွင် အကောင်းမြင်စိတ်မှာ ဇွန်လထက် မသိမသာ အားနည်းလာခဲ့ပြီး စစ်တမ်းသမိုင်းတစ်လျှောက် ဒေတာနှင့် ဆက်စပ်ပြောရလျှင် အားနည်းနေဆဲဖြစ်သည်။

HS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က “အာဆီယံထုတ်လုပ်ရေး ကဏ္ဍထဲက ကျဆင်းမှုက ဇူလိုင်မှာ ဆက်ခဲ့ပြီး လုပ်ကိုင်မှု အခြေအနေတွေ ငါးလဆက်တိုက် ဆုတ်ယုတ်ခဲ့ပါတယ်။ ဆုတ်ယုတ်မှုအရှိန် ဆက်လက် အားပျော့လာပေမဲ့ အညွှန်းအများတို့ရဲ့ ကျဆင်းမှုနှုန်းက ဇွန်လထက် အားပျော့လာခဲ့ပြီး ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေ ငါးလအတွင်း အနည်းဆုံးနှုန်းနဲ့ ကျဆင်းခဲ့ပါတယ်။ ဝယ်လိုအား အခြေအနေတွေက အားနည်းလျက်ရှိနေကြပြီး နိုင်ငံခြားမှ အော်ဒါတွေကလည်း သိသိသာသာ လျော့နည်းလာပါတယ်။ လုပ်ငန်းတွေရဲ့ အနာဂတ် ဝယ်လိုအား အခြေအနေတွေ မရေရာတာကြောင့် ထုတ်လုပ်သူတွေက ဝန်ထမ်းဦးရေ တစ်ဟုန်ထိုး လျှော့ချနေကြချိန်မှာ လာမယ့် ၁၂ လအတွင်း ထုတ်လုပ်မှုဆိုင်ရာ ယုံကြည်ချက်က အားနည်းနေပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent