ပဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

ပဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း
Published 4 August 2020
မင်းသူဝင်းထွဋ်

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေချိန်တွင် လက်နက်ကိုင် အင်အားစုကြီးတစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ပြည်တွင်းနိုင်ငံရေး လုပ်ဆောင်ရန်အတွက် ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်သူ့ပါတီကိုယ်စားပြုကာ ဝင်ရောက်ရွေးချယ်ခံမည့် ပဒိုမန်းငြိမ်းမောင်၏ ဆုံးဖြတ်ချက်အား အခြားသောလက်နက်ကိုင်ခေါင်းဆောင်များက စောင့်ကြည့်နေလျက်ရှိပြီး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်၍ လွှတ်တော်နိုင်ငံရေးကို ရွေးချယ်ခဲ့မှုမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများတန်းတူညီမျှမှုအတွက် အခွင့်အလမ်းအသစ်တစ်ခု ဖြစ်လာနိုင်မည်လားဟု သိလိုနေသည်များကို ပဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံမေးမြန်း တင်ပြလိုက်ရပါတယ်။

မေး KNU ဗဟိုကနေ ဘာ့ကြောင့် နုတ်ထွက်ခဲ့တာပါလဲ။

ဖြေ KNU ဗဟိုကော်မတီအဖြစ်ကနေ နုတ်ထွက်ရတဲ့ အဓိကအကြောင်းအရင်းက နှစ်ချက်ရှိတယ်။ ပထမတစ်ချက်ကတော့ KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် ပြည်တွင်း အမျိုးသားရေးတာဝန်၊ နိုင်ငံရေးတာဝန်ထမ်းဆောင်ဖို့ အကန့်အသတ်တွေရှိပါတယ်။ ဒုတိယတစ်ချက်ကတော့ ကရင်ပြည်နယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ကရင်ပြည်နယ်ရဲ့ပြင်ပမှာ ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့မှာ ကရင်အမျိုးသားလူဦးရေထုဟာ တရားဝင် ကရင်ပြည်နယ်ထက် သုံးဆလောက် ပိုများတယ်။ ဒီဧရာမ ကရင်အမျိုးသားထုကြီးရဲ့ အမျိုးသားတာဝန်၊ အမျိုးသားအကျိုးစီးပွားကို ထမ်းဆောင်ဖို့အတွက်ဆိုလို့ရှိရင်၊ လွတ်လွတ်လပ်လပ်ထမ်းဆောင်နိုင်ဖို့ဆိုလို့ရှိရင် KNU နဲ့ တစ်စုံတစ်ရာအထိ ကင်းရှင်းဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ KNU ကနေ နုတ်ထွက်ရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

မေး လွှတ်တော်နိုင်ငံရေးကို ဘာကြောင့်ရွေးချယ်ရပါသလဲ။

ဖြေ ရွေးချယ်ခဲ့တာကတော့ အဓိက ကရင်အမျိုးသားတွေ အကျိုးစီးပွားကိုပဲ။ သို့သော် ကျွန်တော်ရဲ့ နိုင်ငံရေးဘဝ၊ တော်လှန်ရေးဘဝ သက်တမ်းတစ်လျှောက်မှာ ပွင့်လင်းလာတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ပါဝင်ဆောင်ရွက်ခဲ့တာရှိတယ်။ ကျွန်တော့်မှာ အတွေ့အကြုံရှိတယ်။ အဲဒီလို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ကျွန်တော့်တော်လှန်ရေးဘဝ နှစ်ပေါင်း ၅၀ မှာ တိုင်းရင်းသားတွေနဲ့ ဆက်ဆံခဲ့တဲ့ အတွေ့အကြုံလည်း ရှိတယ်။ အဲဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှ နိုင်ငံတော်အတွက် တစ်စုံတစ်ရာ အလုပ်အကျွေးပြုနိုင်မယ်လို့ ယုံကြည်တယ်။ ဒုတိယတစ်ခုက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်လို့ ကျွန်တော် အကျိုးပြုနိုင်မယ်၊ အလုပ်အကျွေး ပြုနိုင်မယ်လို့ ယုံကြည်တယ်။ တိုင်းရင်းသားတွေရဲ့ တရားသဖြင့် ရသင့်ရထိုက်တဲ့အခွင့်အရေး ကျွန်တော် ကြိုးပမ်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော် ဒါရည်မှန်းချက်တွေပါပဲ။

မေး ဘယ်ပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှာလဲ။

ဖြေ ကျွန်တော် KNU အစည်းအရုံးကနေ နုတ်ထွက်ပြီးတော့ ဒီလိုထွက်လာတဲ့အချိန်မှာ ပြည်တွင်းနိုင်ငံရေးလောကကို ဝင်ပြီးလှုပ်ရှားမယ်ဆိုတဲ့အခါကျတော့ အခြေအနေအကုန်လုံးကို ကျွန်တော် ပြည့်ပြည့်စုံစုံ နားမလည်သေးဘူး။ ပထမရပ်တည်ချက်အနေနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ လေ့လာပြီးတော့မှ ဒါစဉ်းစားခဲ့တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တကယ့်မိတ်ဆွေအရင်းအချာတွေက ကျွန်တော့်ကို အကြံပြုကြတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ လှုပ်ရှားရတာ အကန့်အသတ်ရှိတယ်ပေါ့။ တစ်ခုခုနဲ့ ပူးပေါင်းဆောင်ရွက်မှသာလျှင် အရှိန်အဝါပိုကြီးမယ် အောင်မြင်မှုတွေ ရှိမယ်ဆိုတဲ့အပေါ်မှာ ကရင်ပြည်သူ့ပါတီနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

မေး လွှတ်တော်နိုင်ငံရေးအကြောင်းကို သေချာသိရှိပြီးပါသလား။

ဖြေ ယေဘုယျလောက်ပဲ ကျွန်တော်သိပါတယ်။ အန္တရာယ်ဆိုတာကတော့ ဘယ်လိုမှ ကြိုမသိနိုင်ဘူးလေ။ ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာ သို့သော် ကျွန်တော့်လိုလူမျိုးက ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ များခဲ့တဲ့အတွက် အတိုက်အခံတွေတော့ ကြုံတွေ့နိုင်တယ်လို့ စဉ်းစားထားတာပေါ့နော်။ ဒါပေမဲ့ ဒါတွေက ကျွန်တော့်ဘဝတစ်ခုလုံးက စိန်ခေါ်မှုတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတဲ့သူ။ ဒါတွေက ကျွန်တော် ဘယ်လိုမှသဘောမထားဘူး။ အေးအေးဆေးဆေး ကျော်လွှားနိုင်တယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိတယ်။

မေး ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေဟာ အောင်မြင်နေပါသလား။

ဖြေ ပထမတစ်ချက်အနေနဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဗျာ။ ကျွန်တော်ပြောမှ မဟုတ်ဘူး တစ်တိုင်းပြည်လုံးသိတဲ့ ကိစ္စလေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့တိုးလို့မရဘူး၊ ရပ်တန့်နေတယ်။ ဒါကလည်း သဘာဝကျတယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်တစ်ပြည် လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ ဒီလောက်ပဲ ဆောင်ရွက်နိုင်မှာပါ။ ငြိမ်းချမ်းရေးတိုးတက်ခြင်း၊ အောင်မြင်ခြင်းဆိုတာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ယုံကြည်မှုအပေါ်မှာ တည်ပါတယ်။ ကျွန်တော်တို့ အခုက ယုံကြည်မှုက အင်မတန်နည်းပါတယ်။ ယုံကြည်မှုနည်းတာကလည်း သဘာဝကျတယ်လို့ပဲ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပဋိပက္ခ နှစ်ပေါင်း ၆၀ ကျော် ဖြတ်သန်းခဲ့တဲ့ တိုင်းပြည်တစ်ပြည် လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ သဘာဝကျတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ဒီနိုင်ငံရေးစားပွဲဝိုင်းမှာ ကျွန်တော်တို့ တွေ့ကြဆုံကြပြောကြ ဆွေးနွေးကြတာ ငါးနှစ်တာခရီး ရှိပါတယ်။ နှစ်ပေါင်း ၆၀ နဲ့ ငါးနှစ်ဆိုတာ အများကြီးကွာပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုဖြစ်နေတာ လက်တွေ့ကျတယ်လို့ပဲ ပြောချင်ပါတယ်။

မေး ရွေးကောက်ပွဲမှာ အောင်မြင်မယ်လို့ ထင်ပါသလား။

ဖြေ ကျွန်တော်ပြိုင်မယ့်မြို့နယ်မှာတော့ ဒီနေ့ပါတီကြီးတွေရဲ့ ကိုယ်စားလှယ်ရှိပါတယ်။ ကျွန်တော်ကတော့ ကောင်းမွန်တဲ့ယှဉ်ပြိုင်ဖက်အနေနဲ့ပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရိုးရိုးသားသား ယှဉ်ပြိုင်သွားမှာဖြစ်တယ်။ ပြည်သူက ကျွန်တော့်ကို ယုံကြည်လို့ရှိရင်၊ ပြည်သူက အားကိုးလို့ရှိရင် ကျွန်တော်အနိုင်ရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ သို့သော် ကျွန်တော့်မြို့နယ် ကျွန်တော်က လူထုအကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်ခဲ့တာရှိတယ်။ ဥပမာဆိုလို့ရှိရင်ဗျာ ထူးဖောင်ဒေးရှင်းတို့၊ ဧရာဝတီဖောင်ဒေးရှင်းတို့က ပံ့ပိုးခဲ့တဲ့အတွက် ဆေးခန်း ၁၀ လုံး၊ ကျောင်း ၁၀ လုံး လုပ်ပေးခဲ့တယ်။ ၂၀၁၃ ကျွန်တော့်ဒေသကို ပြန်လို့ရတဲ့အချိန်ကစပြီးတော့ ဒီနေ့ ကျောင်းသားလူငယ်တွေကို တက္ကသိုလ်အသီးသီးကို ကျွန်တော်ပို့တာဆိုလို့ရှိရင် ၂၅၀ ရှိပြီ။ ၅၇ ယောက် က ဘွဲ့ရသွားပြီးတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေပြီ။ ဒီကျောင်းသားလူငယ်တွေကို ရွေးချယ်တဲ့နေရာမှာ လူမျိုးကိုအခြေမခံဘူး။ ၁၀ တန်း အောင်ပြီးတော့ ကျောင်းစာတော်တယ်၊ မိဘက တက္ကသိုလ်ပညာအထက်တန်း မပို့နိုင်တဲ့  ကျောင်းသားတွေကို ရွေးချယ်တာ။ အဲဒါလည်း ကျွန်တော် မရွေးချယ်ပါဘူး။ သူတို့သက်ဆိုင်ရာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဆရာမကြီးတွေက သူတို့ဘာသာ သူတို့ရွေးချယ်တယ်။ ရွေးချယ်ပြီးတော့မှ ကျွန်တော်က အလှူငွေလိုက်ရှာတယ်။ ဒါတွေက အချည်းအနှီး မဖြစ်ဘူး။ ဒါတွေက စိုက်ပျိုးခဲ့တဲ့ ကျွန်တော့်မြို့နယ်မှာ ကျွန်တော် ပန်းတနော်မြို့နယ်မှာ နေထိုင်ခဲ့ကြတဲ့ မြို့နယ်သား ကလေးတွေအတွက် ကျွန်တော်စောင့်ရှောက်ပံ့ပိုးခဲ့တဲ့ အကျိုးပြုလုပ်ငန်းတွေရှိတဲ့အတွက် ဒါတွေက အချည်းအနှီးမဖြစ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။

မေး ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်လာချိန်မှာ အစိုးရနဲ့ နိုင်ငံရေးပါတီကြီးများက ကြိုဆိုကြပါသလား။

ဖြေ ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်တာတော့ တစ်ယောက်မှ မရှိပါဘူး။ အင်အားကြီးပါတီတွေလေ။ ကြိုဆိုနှုတ်ဆက်တာတော့ မရှိဘူး။ ဖိတ်ခေါ်တာလည်း မရှိပါဘူး။ ကျွန်တော့်ဝေဖန်တိုက်ခိုက်တာတော့ လောလောဆယ်တော့ ကျွန်တော် မတွေ့မိပါဘူး။ လိုင်းပေါ်က တခြားပြောတာ ပြုတာ ထောက်ခံတာ ကန့်ကွက်တာတွေကတော့ ယေဘုယျတော့ ရှိပါတယ်။

မေး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်လာသူကို အစိုးရက ကြိုဆိုသင့်တယ် မထင်ဘူးလား။

ဖြေ အဲဒါကတော့ အစိုးရအပေါ်မှာပဲ တည်ပါတယ်။ အခုအစိုးရပဲဖြစ်ဖြစ် နောက်တက်လာမယ့် အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းရင်းသားတွေအပေါ်မှာထားတဲ့ သဘောအပေါ်တည်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ဥပမာ နမူနာတစ်ခု ကျွန်တော်ပြောပြမယ်။ ကိုလံဘီယာမှာဆိုလို့ရှိရင် အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ တော်လှန်ရေး အင်အားစုတစ်ခုဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ရပြီးတဲ့နောက်မှာ လွှတ်တော်ကို ဘာမှဖြတ်သန်းမှုမလုပ်ဘဲနဲ့ ၁၀ ရာခိုင်နှုန်း ပေးဝင်ခဲ့ပါတယ်။ ဒီနမူနာမျိုးကို တကယ်လို့ ယူနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေကို အကောင်းဆုံးစည်းရုံးတဲ့ နည်းလည်းဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်မှုကို အပံ့အပိုးဖြစ်တဲ့ လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်တယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အင်မတန်ကောင်းမွန်တဲ့ ခြေလှမ်းတစ်လှမ်းလို့ ကျွန်တော်သဘောထားပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ တိုင်းပြည်မှာ ၁၀ ရာခိုင်နှုန်း မဆိုလိုပါဘူး။ တစ် ရာခိုင်နှုန်းနဲ့ သုံး ရာခိုင်နှုန်းလောက်ပဲ ပေးရင်လည်း ဒါသဘာဝကျတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ဒါတကယ် ကရင်တစ်ခုတည်းမကဘူးလေ။ ကျွန်တော်တို့ တိုင်းပြည်ဆိုတာလည်း တိုင်းရင်းသားပေါင်းစုံနဲ့ နေထိုင်တဲ့ အိမ်ကြီးတစ်အိမ်လို ဖြစ်တဲ့အခါကျတော့ တိုင်းရင်းသားပေါင်းစုံကလည်း ဒီအိမ်ပေါ်မှာနေပြီးတော့ မကျေနပ်လို့ ဆန့်ကျင်ကြတဲ့အခါကျတော့ ဒါတိုင်းရင်းသားတွေကို အကောင်းဆုံးစည်းရုံးတဲ့နည်းပဲ။ ပထမတစ်ချက်ကတော့ အဲဒီလိုအချိုးအစားအရ ကျွန်တော်တို့ တိုင်းရင်းသားတွေကို လက်တွဲပြီးတော့ ပါဝင်ခွင့်ပေးမယ်။ နောက်တစ်ခုက ကျွန်တော်တို့လို လက်နက်ကိုင်အင်အားစုကနေပြီးတော့ ကူးပြောင်းလာတဲ့သူတွေကို လက်ရှိသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို တင်းတင်းကျပ်ကျပ်မဟုတ်ဘဲ အချို့လျှော့ပေါ့နိုင်တဲ့ ကိစ္စတွေကို လျှော့ပေါ့လိုက်လို့ရှိရင် အစိုးရအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အကောင်းဆုံး စည်းရုံးရေးနည်းနာလို့ ကျွန်တော် ပြောပါတယ်၊ ပြောချင်တယ်။ ကျွန်တော့်အတွက် ကျွန်တော် ပြောတာမဟုတ်ဘူး။ တကယ်ကို မူဝါဒတစ်ခုအနေနဲ့ တိုင်းရင်းသားတွေကို နိုင်ငံတော်အစိုးရရဲ့ သဘောထားကြီးမှု တိုင်းရင်းသားတွေအပေါ် သဘောထားကြီးမှု အမြော်အမြင်ရှိမှုကို လက်တွေ့ပြရာ ရောက်ပါတယ်၊

မေး ■ အခုလိုလမ်းစဉ်ကို ရွေးချယ်ခဲ့မှုအပေါ် အခြားသော လက်နက်ကိုင်ခေါင်းဆောင်တွေက ဘယ်လိုမြင်ပါသလဲ။

ဖြေ တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်က ဖောက်ထွက်လာတဲ့သူပဲ။ အဝေးကွင်းကို တက်ကန်တဲ့သူပဲ။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဖောက်ထွက်ရတာချည်းပဲ။ ဥပမာ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ဗျာ ကိုကိုးကျွန်း ပို့ခံရတယ်။ ကျွန်တော် ပင်လယ်ကို ဖြတ်ထွက်တယ်။ ဒါ တကယ့်စွန့်စားမှုတစ်ခုပဲ ဟုတ်တယ်မလား။ အခုကျွန်တော် ပြန်ကြားပါတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်၊ ကျွန်တော့်ခေါင်းဆောင်တွေက ခင်ဗျားက Pioneer ပဲ ရှေးဦးထွက်ပဲတဲ့။ ကျွန်တော်သာ အောင်မြင်လို့ရှိရင် ဒီအလားအလာပေါ်မှာ သူတို့အများကြီးလိုက်လာမယ်လို့ သူတို့သဘောထား ကျွန်တော်ပြန်ကြားရတယ်လေ။ ဒါ ကောင်းမွန်တဲ့ ဖြတ်သန်းမှုတစ်ခုလို့ ကျွန်တော်တို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခုနိုင်ငံရေးတိုက်ပွဲကို ရောက်လာပြီ။ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီဆိုတဲ့ အခါကျတော့ တကယ့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက ဒီပြည်တွင်းနိုင်ငံရေးမှာ ပူးပေါင်းပြီးတော့သာ လှုပ်ရှားလိုက်မယ်ဆိုရင် အင်မတန် အားကောင်းတယ်။ ကျွန်တော်တို့က ပဋိပက္ခထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အဖွဲ့အစည်းတစ်ခု လူမျိုးတစ်မျိုးအနေနဲ့ ဒီအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အားကောင်းကောင်းနဲ့ ပါဝင်လာမယ်ဆိုလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုက အများကြီး ခွန်နဲ့အားနဲ့ဖြစ်ပြီး အောင်မြင်ဖို့ အလားအလာက အများကြီးများပါတယ်။ အဲဒါကလည်း အစိုးရအပေါ်မှာပဲ တည်ပါတယ်။

မေး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။

ဖြေ ကျွန်တော်ပြောချင်တာကဗျာ အခုဆိုလို့ရှိရင် ကျွန်တော် ခုနကပြောပြတယ်နော်။ ကျွန်တော်ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ အနေအထားမှာတောင်မှ လူငယ်တွေရဲ့ အနာဂတ်အတွက် ကျွန်တော် ကျောင်းသားလူငယ်တွေကို ကရင် ဗမာ မခွဲခြားဘူး။ အယောက် ၂၅၀ တက္ကသိုလ်အသီးသီးကို ပို့ခဲ့ပြီးပြီ။ ဘွဲ့ ၅၇ ယောက်ရခဲ့ပြီးတော့ နိုင်ငံ့တာဝန်ထမ်းဆောင်နေပြီ။ ကျွန်တော်သာ တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်ပြီဆိုရင် အဲဒါထက်ပိုပြီးတော့ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် ရဲရဲ ပြောတယ်။ ဒါကျွန်တော့်အပေါ်မှာ ကျွန်တော့် နယ်သူနယ်သားတွေဟာ မန်းငြိမ်းမောင်ဆိုတဲ့သူကို ယုံကြည်မှုရှိသလား၊ ယုံကြည်မှုရှိရင် မန်းငြိမ်းမောင်ကို ထောက်ခံမဲပေးပါ။ မယုံကြည်ရင် မဲမပေးနဲ့။ ကျွန်တော် မဲကို အလကား မတောင်းဘူး ကျွန်တော်က ကတိကဝတ်နဲ့ အလုပ်လုပ်ပြမှာ။

Most Read

Most Recent