WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို သြဂုတ်လကုန်ပိုင်းတွင်ကျင်းပရန် မြန်မာလက်ခမောင်းကုမ္ပဏီ စီစဉ်နေ

WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို သြဂုတ်လကုန်ပိုင်းတွင်ကျင်းပရန် မြန်မာလက်ခမောင်းကုမ္ပဏီ စီစဉ်နေ
Photos: WLC
Photos: WLC
Published 2 August 2020

မြန်မာလက်ခမောင်းကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် WLC ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း နိုင်ငံအများစုတွင် ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးသဖြင့် ရက်များ အပြောင်းအလဲပြုလုပ်နေရခြင်းဖြစ်သည်။ WLC-12 ပြိုင်ပွဲကို သြဂုတ်ပထမပတ်တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံတွင် အားကစားပြိုင်ပွဲများ ကျင်းပခွင့်မရသေးသဖြင့် ထပ်မံပြောင်းလဲရခြင်းဖြစ်သည်။ 

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC-12 ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် WLC ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း နိုင်ငံအများစုတွင် ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးသဖြင့် ရက်များ အပြောင်းအလဲပြုလုပ်နေရခြင်းဖြစ်သည်။ WLC-12 ပြိုင်ပွဲကို သြဂုတ်ပထမပတ်တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံတွင် အားကစားပြိုင်ပွဲများ ကျင်းပခွင့်မရသေးသဖြင့် ထပ်မံပြောင်းလဲရခြင်းဖြစ်သည်။ 

"WLC-12 ပြိုင်ပွဲကို သြဂုတ် ၂၈ ရက်မှာကျင်းပဖို့ လျာထားပေမဲ့ လက်ရှိအနေအထားအရ ဘယ်လိုပုံစံနဲ့ ကျင်းပရမလဲဆိုတာ စီစဉ်နေတုန်းဖြစ်ပါတယ်။ ပြည်တွင်းမှာ အားကစားပြိုင်ပွဲတွေ ကျင်းပခွင့်မရသေးတာကြောင့် ပုံစံပြောင်းလဲကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ပြည်ပတွဲဆိုင်းတွေကို ထိုင်းနိုင်ငံမှာကျင်းပဖို့ စီစဉ်ထားပေမဲ့ ပြည်တွင်း တွဲဆိုင်းတွေကို ဒီမှာကျင်းပလို့မရသေးဘူးဆိုရင် အပြောင်းအလဲထပ်လုပ်ရမှာပါ။ ကျင်းပမယ့်ပုံစံနဲ့ ကျင်းပမယ့်ရက်ကို ထပ်မံ အတည်ပြုမှာပါ" ဟု မြန်မာလက်ခမောင်း ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

WLC-12 ပြိုင်ပွဲကို ယခင်က ဧပြီ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီနောက်ဆုံးပတ်တွင် ကျင်းပခဲ့သည့် WLC-11 ပြိုင်ပွဲနောက်ပိုင်း ပြိုင်ပွဲများကျင်းပနိုင်ခြင်းမရှိသည်မှာ ခြောက်လကျော်ကြာမြင့်နေပြီဖြစ်သည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC-12 ပြိုင်ပွဲတွင်ပါဝင်မည့် တွဲဆိုင်းများကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ကျင်းပမည့်ရက်နှင့် နိုင်ငံ အတည်ပြု ပြီးမှသာ ထုတ်ပြန်ဖွယ်ရှိသည်။ 

ယင်းပြိုင်ပွဲတွင် ပြည်ပတွဲဆိုင်းများအပြင် ပြည်တွင်းတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်ပြီး ပရိသတ်မပါဘဲ ရုပ်သံလိုင်းများမှသာ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် ၂၀၂၁ ခုနှစ်ကုန်အထိ ပြိုင်ပွဲစုစုပေါင်း ကိုးပွဲကျင်းပရန် စီစဉ်ထားပြီး ယခုနှစ်တွင် ပြိုင်ပွဲသုံးပွဲကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကိုးပွဲအနက် ပြည်ပနိုင်ငံများ၌ ကျင်းပမည့်ပြိုင်ပွဲများလည်း ပါဝင်နေပြီး အရှေ့ တောင်အာရှ၊ အာရှနိုင်ငံများအပြင် အခြား နိုင်ငံများတွင်ပါ ကျင်းပရန် စီစဉ်ထားသည်။

 မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခင်က WLC ပြိုင်ပွဲများကို ပြည်တွင်း၌သာ ကျင်းပခဲ့ပြီး မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများ၌ သွားရောက်ကျင်းပရန် ကြိုးပမ်းနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

Most Read

Most Recent