လူစီးမော်တော်ယာဉ်နှင့် SKD စနစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်များကို အင်ဂျင်ပါ၀ါအလိုက် အကောက်ခွန်နှုန်းများ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဟု အကောက်ခွန် ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
အကောက်ခွန် ဦးစီးဌာနက သွင်းကုန်ကြေညာလွှာ တင်သွင်းသူများ သိရှိနိုင်ရန် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁ ရက်တွင် MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် (၀၁၁/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာချက်အရ ယခုအခါ COVID-19 ကြောင့် ဖြစ်ပေါ်နေသော စီးပွားရေး ကျဆင်းမှုကို ကုစားသည့်အနေဖြင့် အခွန်ကောက်ခံလျက်ရှိသော လူစီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါ၀ါ 2000 CC နှင့် အောက်ကို လက်ရှိအကောက်ခွန်နှုန်း ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၂၀ သို့ လည်းကောင်း၊ အင်ဂျင်ပါ၀ါ 2001 CC နှင့် အထက်ကို လက်ရှိအကောက်ခွန်နှုန်း ရာခိုင်နှုန်း ၄၀ မှ ရာခိုင်နှုန်း ၃၀ သို့လည်းကောင်း ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁ ရက်မှ စတင်၍ ဖြေလျှော့ခွင့်ပြုခဲ့သည်။
ထို့အတူ SKD စနစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါ၀ါ 2000 CC နှင့် အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ရာခိုင်နှုန်း ၁၀ မှ သုညရာခိုင်နှုန်းသို့ လည်းကောင်း၊ အင်ဂျင်ပါ၀ါ 2000 CC နှင့် အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ရာခိုင်နှုန်း ၂၀ မှ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁ ရက်မှ စတင်၍ ဖြေလျှော့ခွင့်ပြုမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အသိပေး ကြေညာထားသည်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက MACCS ဌာနခွဲ၏ Help Desk Section နှင့် ဆက်ဆံရေး ဌာနစိတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
“ကားစျေးနည်းနည်း ထပ်ကျလာနိုင်ပါတယ်။ CIF (AV) တန်ဖိုးအပေါ် တွက်ချက်ကောက်ခံတာ ဖြစ်တဲ့အတွက် CIF တန်ဖိုး အနည်းအများအလိုက် ပိုသက်သာလာမှာ ဖြစ်ပါတယ်။ ကားသစ်တွေ စျေးနည်းနည်းကျလာရင် ကားဟောင်းတွေလည်း စျေးနည်းနည်းချ ရောင်းလာမှာဆိုတော့ ကားစျေးကျတာက လူအများစုအတွက် အဆင်ပြေပါတယ်” ဟု ပြည်ပမှကားများ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
သြဂုတ် ၁ ရက်တွင် ပြောင်းလဲလိုက်သည့် အကောက်ခွန်နှုန်းအရ လူစီးယာဉ်များ၏ အခွန်နှုန်းထားမှာ အကောက်ခွန် 2000 CC နှင့်အောက် AVx20%၊ 2001 CC နှင့်အထက် AVx30%၊ အထူးကုန်စည်ခွန် 1501 CC-2000 CC အထိ AV + အကောက်ခွန် x 10%၊ 2001 CC-4000 CC အထိ AV + အကောက်ခွန် x 30%၊ 4001 CC အထက် AV + အကောက်ခွန် x 50%၊ ကုန်သွယ်လုပ်ငန်းခွန် တင်သွင်းမည့်ကားအားလုံး AV + အကောက်ခွန် + အထူးကုန်စည်ခွန် x 5% ကောက်ခံမည်ဖြစ်ပြီး အဆိုပါ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် သုံးမျိုးပေါင်းကို ဆိပ်ကမ်းခွန်အဖြစ် ကောက်ခံနေခြင်းဖြစ်သည်။















