FA ဖလားရရှိခဲ့ပါက အူဘာမီယန်းကို အသင်းတွင် ဆက်နေအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု အာတီတာ ပြောကြား

FA ဖလားရရှိခဲ့ပါက အူဘာမီယန်းကို အသင်းတွင် ဆက်နေအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု အာတီတာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 August 2020

အာဆင်နယ်အသင်းနည်းပြ အာတီတာက FA ဖလားရရှိခဲ့ပါက ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို အသင်းတွင် ဆက်နေအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၂၁ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

အာဆင်နယ်အသင်းသည် ယနေ့ (သြဂုတ်လ ၁ ရက်)တွင် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် FA ဖလားဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရခဲ့ပါက လာမည့် ၂၀၂၀-၂၁ ရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိမည်ဖြစ်သည်။ 

FA ဖလားဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းအတွက် အူဘာမီယန်း၏ နောက်ဆုံးပွဲဖြစ်လာမည်လားဟု သတင်းထောက်များက မေးမြန်းခဲ့ရာ အာတီတာက "ကျွန်တော်ကတော့ အဲဒီလို မခံစားရပါဘူး။ FA ဖလားရခဲ့မယ်ဆိုရင် အသင်းအပေါ် ယုံကြည်မှုတိုးလာမှာပါ။ အူဘာမီယန်းက အသင်းခေါင်းဆောင်ဖြစ်ပြီး FA ဖလားကိုသာ ကိုင်မြှောက်ခွင့်ရခဲ့ပေမယ့် အသင်းမှာ သူဆက်နေဖို့ အထောက်အပံ့ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် အာတီတာက အာဆင်နယ်အသင်းအနေဖြင့် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနေပြီဟု ယုံကြည်ကြောင်းနှင့် FA ဖလားရရှိခဲ့ပါက အသင်း၏ဘဏ္ဍာရေးပိုင်းပါ အခြေအနေပိုကောင်းလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent