အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည်

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည်
Published 31 July 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခင်အထွေထွေရွေးကောက်ပွဲများ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

ဦးသိန်းညွန့် ယခုလာမည့် အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းက စတုတ္ထအကြိမ်မြောက်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲဖြစ်သည်။

“တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အခု အသက်ရှင်ကျန်းမာနေတဲ့အချိန်မှာ ကိုယ့်ပခုံးပေါ်ကျလာတဲ့တာဝန်ကို ထမ်းဖို့အတွက် ရွေးကောက်ပွဲဝင်တာပါ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

သို့သော် ၎င်းအနေဖြင့် မြို့နယ်မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်လာခြင်း မရှိသောကြောင့် ဇူလိုင် ၂၉ ရက်က ပုံစံ (၃) ဖြင့် ပြန်လည်လျှောက်ထားခဲ့ပြီး ကိုယ်စားလှယ်လောင်းလျှောက်လွှာကို သြဂုတ်လဆန်းတွင် တင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်း တင်သွင်းပြီးချိန်တွင် ၎င်း၏ပိုင်ဆိုင်မှုများကို ချပြရန်လည်း အသင့်ရှိကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။ 

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီအ နေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့မှ မဲဆန္ဒနယ် သုံးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဦးသိန်းညွန့်က ပြောကြားသည်။

ဦးသိန်းညွန့်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ သင်္ဃန်းကျွန်းမြို့နယ်တွင် ယှဉ်ပြိုင်အနိုင်ရခဲ့သလို NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။

ထိုစဉ်က NLD ပါတီမှ နုတ်ထွက်ခဲ့သည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် တည်ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NLD) မှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်၌ ယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ့်ခဲ့သည်။

ဦးသိန်းညွန့်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ကလေးသူငယ်မုဒိန်း မှုကျူးလွန်သူများကို သေဒဏ်ပေးရေးလှုပ်ရှားမှု၊ အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေမူကြမ်း တင်သွင်းခြင်း၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အဆို၊ မေးခွန်းတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည့် ထင်ရှားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည်။           

Most Read

Most Recent