စစ်ဆေးမှုများအရ အောင်ဆန်းအားကစားကွင်းမှာ ရာခိုင်နှုန်း ၇၀ ကြံ့ခိုင်မှုမရှိတော့ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတည်ပြု

စစ်ဆေးမှုများအရ အောင်ဆန်းအားကစားကွင်းမှာ ရာခိုင်နှုန်း ၇၀ ကြံ့ခိုင်မှုမရှိတော့ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတည်ပြု
Photos : Nyi Nyi Soe Nyunt
Photos : Nyi Nyi Soe Nyunt
Published 30 July 2020

မြန်မာနိုင်ငံ၏ သက်တမ်းရင့် ဘောလုံးကွင်းတစ်ကွင်းဖြစ်သည့် အောင်ဆန်းကွင်းမှာ စစ်ဆေးမှုများအရ ရာခိုင်နှုန်း ၇၀ ကြံ့ခိုင်မှု မရှိတော့ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဇူလိုင် ၂၈ ရက်ကပြုလုပ်သည့် အစည်းအဝေးတွင် အောင်ဆန်းကွင်း အဆင့်မြှင့်တင်တည်ဆောက်ရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ပြီး ကွင်း၏ကြံ့ခိုင်မှုအခြေအနေမှာ ရာခိုင်နှုန်း ၃၀ သာရှိတော့ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ အောင်ဆန်းကွင်းကို ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် အကြီးစားပြုပြင်ရန် MFF က သက်ဆိုင်ရာထံ ပြန်လည်လွှဲပြောင်းခဲ့သည်။ အောင်ဆန်းကွင်းအား အကြီးစားပြုပြင်ရန် ၂၀၁၉ ခုနှစ်ကတည်းက ပြည်တွင်းဘောလုံးပြိုင်ပွဲများကျင်းပခြင်း ရပ်နားခဲ့ပြီး ပွဲကြည့်စင်အပါအဝင် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ အဆောက်အအုံအများစုမှာ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။

အောင်ဆန်းကွင်း၏ လက်ရှိအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာနသို့ အကူအညီတောင်းခံ၍ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရာခိုင်နှုန်း ၇၀ ကြံ့ခိုင်မှုမရှိတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယင်းအစည်းအဝေးတွင် အတည်ပြုပြောကြားခဲ့သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အောင်ဆန်းကွင်းအား အဆင့်မြှင့်တင်ပြုပြင်ခြင်း (သို့မဟုတ်) အသစ်တည်ဆောက်ခြင်း ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်း (သို့မဟုတ်) ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခြင်း ပြုလုပ်မည်ဖြစ်သည်။ အောင်ဆန်းအားကစားပြိုင်ဝင်းတွင် ဘောလုံးကွင်းအပြင် မီတာ ၄၀၀ ပြေးလမ်း၊ ပွဲကြည့်စင်၊ မိုးလုံလေလုံခန်းမ၊ ကွင်းပြင်ပ ဆိုင်ခန်းများနှင့် အခြားအားကစားအဆောက်အအုံများလည်းပါဝင်ပြီး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပကုမ္ပဏီများကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အောင်ဆန်းကွင်းအား ပြန်လည်ပြုပြင်တည်ဆောက်ပါက နိုင်ငံတကာအဆင့်မီ တည်ဆောက်ရန် ရည်ရွည်ထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့က သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများအနက် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်ပြိုင်ပွဲများကို အောင်ဆန်းကွင်း၌ အဓိက ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်း လေးကွင်းသာရှိပြီး နေပြည်တော်တွင် နှစ်ကွင်း၊ ရန်ကုန်နှင့် မန္တလေးတွင် တစ်ကွင်းစီရှိကာ နိုင်ငံတကာပြိုင်ပွဲအများစုကို ရန်ကုန်နှင့် မန္တလေးမြို့၌သာ ကျင်းပလျက်ရှိသည်။ ယင်းလေးကွင်းအနက် သုဝဏ္ဏဘောလုံးကွင်းမှာ သက်တမ်းအရင့်ဆုံးကွင်းဖြစ်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဇေယျာသီရိကွင်း၊ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းတို့မှာ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ သုဝဏ္ဏဘောလုံးကွင်းကိုလည်း ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ အဆင့်မြှင့်တင်ခဲ့ပြီး ပရိသတ် ၃၀၀၀၀ ကျော်ဝင်ဆံ့သည့်ကွင်း ဖြစ်လာစေရန် အရှေ့ဘက်၊ တောင်နှင့် မြောက်ဘက် ပွဲကြည့်စင်များကို တိုးချဲ့တည်ဆောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent