ကစားသမားများကို (၂)ပတ်ကြာ နားရက်ပေးထားသော်လည်း သတိနှင့်နေရန် ကလော့ပ် တိုက်တွန်း

ကစားသမားများကို (၂)ပတ်ကြာ နားရက်ပေးထားသော်လည်း သတိနှင့်နေရန် ကလော့ပ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 29 July 2020

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ဘောလုံးရာသီပြီးဆုံးခဲ့ပြီဖြစ်သောကြောင့် ကစားသမားများကို (၂)ပတ်ကြာ နားရက်ပေးခဲ့သော်လည်း ရာသီသစ်အတွက် ပြင်ဆင်မှုများကိုမထိခိုက်စေရန်အတွက် အသိတရားဖြင့်နေထိုင်ရန် နည်းပြ ကလော့ပ်က သတိပေးခဲ့သည်။

    

လီဗာပူးလ်ကစားသမားများသည် ဇူလိုင်လ (၂၇)ရက်တွင် နားရက်စရခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုနှုန်းနိမ့်သည့် နိုင်ငံများကိုသာ ခရီးသွားလာခွင့်ပြုထားကာ ကစားသမားအားလုံးမှာ မိမိခရီးသွားမည့်နေရာအား အသင်းထံ အကြောင်းကြားရမည်ဖြစ်သည်။ 

လက်ရှိတွင် အသင်းဂိုးသမား အယ်လစ်ဆန်ကဲ့သို့ ကစားသမားမျိုးမှာ မိခင်နိုင်ငံ ဘရာဇီးလ်တွင် ကူးစက်မှုမြင့်မားနေခြင်းကြောင့် နေရပ်သို့ ပြန်မည်မဟုတ်ကြောင်း သိရသည်။ 

ယာဂန်ကလော့ပ်သည် လက်ရှိလူစာရင်းကို ထိန်းသိမ်းထားပြီး လာမည့်ရာသီတွင် ချန်ပီယံဆုများအတွက် ဆက်လက်စိန်ခေါ်သွားရန် ဆန္ဒရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။  

ကလော့ပ်သည် လက်ရှိရာသီတွင် ကစားသမား (၂၄) ဦးသာ အသုံးပြုခဲ့သည်။ ယင်းကစားသမားများထဲတွင် ဂိုးမသွင်းသည့် Outfield Player အဖြစ် ဂျိုးဂိုးမက်ဇ်၊ မီနာမီနို၊ အဲလိယက်၊ နေကိုဝီလျံစ်တို့ (၄)ဦးသာ ရှိခဲ့သည်။  

"ကစားသမားအင်အားများပြားဖို့က ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ လူစာရင်းက အရည်အသွေးရှိဖို့ပဲ အဓိကကျပါတယ်"ဟု ကလော့ပ်က ပြောကြားခဲ့သည်။ 

၎င်းအနေဖြင့် အဓိကကစားသမားများ၏ပွဲပန်းနေမှုကို လျှော့ချနိုင်ရန်အတွက် ယခုရာသီအတွင်းကစားခဲ့သည့် FA ဖလားနှင့် Carabao Cup(လိဂ်ဖလား)ပွဲစဉ်အချို့တွင် အသင်းအကယ်ဒမီမှ ကစားသမားများကို ပွဲထွက်ကစားစေခဲ့သည်။

Most Read

Most Recent