၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၂၇ ဆီးဂိမ်းစ်ပြိုင်ပွဲအား ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၂၇ ဆီးဂိမ်းစ်ပြိုင်ပွဲအား ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ
Photos : SEA Games Facebook
Photos : SEA Games Facebook
Published 28 July 2020

လာမည့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၂ ၇ ဆီးဂိမ်းစ်ပြိုင်ပွဲများကို ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိင်းမြို့၌ပြုလုပ်သည့် South East Asian Games Federation(SEAGF) ကောင်စီအစည်းအဝေးတွင် ၂၀၂၅ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံကိုလည်းကောင်း၊ ၂၀၂၇ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ် လာအိုနိုင်ငံကိုလည်းကောင်း ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အာဆီယံသတင်းဌာနများက ဖော်ပြသည်။

South East Asian Games Federation(SEAGF) ကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် မူလရွေးချယ်ထားသည့်အတိုင်း ဗီယက်နမ်နိုင်ငံက ကျင်းပခွင့်ရရှိမည်ဖြစ်ပြီး ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် ကမ္ဘောဒီးယားနိုင်ငံကိုလည်း ရွေးချယ်ထားပြီးဖြစ်သည်။

ထို့ပြင် ၂၀၂၅ နှင့် ၂၀၂၇ ခုနှစ် ပြိုင်ပွဲများအတွက် ထိုင်းနှင့် လာအိုတို့ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

South East Asian Games Federation(SEAGF) ကောင်စီသည် ၂၀၂၁ နှင့် ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲများအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမည့်နိုင်ငံများကို မူလကတည်းက သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုအစည်းအဝေးတွင် ၂၀၂၅ နှင့် ၂၀၂၇ အိမ်ရှင်နိုင်ငံများအား အတည်ပြုခဲ့ခြင်းဖြစ်သလို ၂၀၂၉ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ်လည်း ဘရူနိုင်းနိုင်ငံကို ထောက်ခံချက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့် ၂၀၂၁ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ဗီယက်နမ်နိုင်ငံအနေဖြင့် လက်ရှိတွင် အားကစားနည်းစုစုပေါင်း ၃၆ မျိုး ထည့်သွင်းကျင်းပရန် လျာထားကြောင်း ဖိလစ်ပိုင်အခြေစိုက် Rappler သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အားကစားနည်းစာရင်းမှာ လျာထားစာရင်းသာဖြစ်ပြီး ပြိုင်ပွဲကာလနီးကပ်မှသာ အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဗီယက်နမ်နိုင်ငံသည် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲများ လက်ခံ ကျင်းပမည့်ကွင်းများကိုလည်း ရွေးချယ်ထားပြီး ပရိသတ် ၄၀၀၀၀ ကျော်ဆံ့ မိုင်ဒင်းကွင်းနှင့် ဟန်ဒေးကွင်းများကို ရွေးချယ်ထားသလို အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွက် ပရိသတ် ၁၆၀၀၀ ဆံ့ ကမ်ဖာ့အားကစားကွင်းကို ရွေးချယ်ထားကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲဟု အမည်ပြောင်းလဲပြီးနောက် ၂၀၁၉ ခုနှစ်အထိ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့က လေးကြိမ်စီ ကျင်းပခွင့်ရရှိထားပြီး ထိုင်းနှင့် စင်ကာပူနိုင်ငံတို့က သုံးကြိမ်စီ ကျင်းပခွင့်ရထားသည်။

 

Most Read

Most Recent