MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီသည် ဖူဆယ်လိဂ်ပြိုင်ပွဲကို အဆင့်မြှင့်တင်ရန်နှင့် အတန်းများ တိုးမြှင့်ကျင်းပရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် ပုံမှန်ကျင်းပနေသည့် ဖူဆယ်လိဂ်အပြင် ဒုတိယတန်းပြိုင်ပွဲကိုပါ ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အသင်းသစ်များ ထပ်တိုးလာရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီအစည်းအဝေး(၃/၂၀၂၀)ကို ဇူလိုင် ၂၄ ရက် က MFF အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် ဖူဆယ်လိဂ်ပြိုင်ပွဲကို အတန်းနှစ်တန်းထားရှိရန်နှင့် တန်းတက်၊တန်းဆင်းစနစ် ကျင့်သုံးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
MFF ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီသည် ဖူဆယ်လိဂ်ပြိုင်ပွဲကို အဆင့်မြှင့်တင်ရန်နှင့် အတန်းများ တိုးမြှင့်ကျင်းပရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် ပုံမှန်ကျင်းပနေသည့် ဖူဆယ်လိဂ်အပြင် ဒုတိယတန်းပြိုင်ပွဲကိုပါ ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အသင်းသစ်များ ထပ်တိုးလာရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
" ပြီးခဲ့တဲ့ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေးမှာ ဖူဆယ်လိဂ်ပြိုင်ပွဲကို အတန်းနှစ်တန်း ထားရှိဖို့ ဆွေးနွေးခဲ့ပါတယ်။ ပုံမှန်ကျင်းပနေတဲ့ လိဂ်အပြင် ဒုတိယတန်းလိဂ်ပြိုင်ပွဲကို ထပ်တိုးကျင်းပနိုင်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။ နောက်ထပ်အတန်းတစ်တန်း ထပ်မံကျင်းပနိုင်ဖို့ အသင်းတွေအများကြီးရှိဖို့ လိုပါတယ်။ အသင်းတွေများလာအောင်၊ ထပ်မံ ဖွဲ့စည်းလာအောင် အရင်ဆုံးလုပ်ဆောင်ရ မှာပါ။ အတန်းနှစ်တန်း ကျင်းပနိုင်ရင် တန်းတက်၊ တန်းဆင်းစနစ် ကျင့်သုံးလို့ရမှာပါ။ ဒါပေမဲ့ ကလပ်အသင်းတွေ ထပ်ထွက်လာအောင်တော့ အများကြီးလုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။
ဖူဆယ်လိဂ်ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အချို့နှစ်များတွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း နှစ်စဉ်နီးပါး ကျင်းပခဲ့သည်။ ဖူဆယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အသင်းသုံးသင်းသာ ချန်ပီယံဆုရဖူးပြီး ACE အသင်း၊ MIU အသင်း (ယခင် MIC) နှင့် PU အသင်းတို့သာ ရရှိခဲ့သည်။ ယင်းသုံးသင်းအနက် ACE နှင့် PU အသင်းတို့မှာ ဖျက်သိမ်းသွားပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းဖူဆယ်ပြိုင်ပွဲများကို ၂၀၀၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ် လိဂ်ပြိုင်ပွဲတွင် စုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး MIU အသင်း ဗိုလ်စွဲခဲ့သည်။















