UNDP ပါတီ ဒုတိယဥက္ကဋ္ဌ စာရေးဆရာ သန်းဝင်းလှိုင် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်

UNDP ပါတီ ဒုတိယဥက္ကဋ္ဌ စာရေးဆရာ သန်းဝင်းလှိုင် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 24 July 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဒုတိယဥက္ကဋ္ဌ စာရေးဆရာ ဦးသန်းဝင်းလှိုင်က ပြောကြားသည်။

“ဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်တာက အဓိကကတော့ ကချင်ပြည်နယ်မှာ ကျွန်တော်က ဗမာတိုင်း ရင်းသားရေးရာဝန်ကြီးဆိုတော့ လူမှုရေး၊ ဒုက္ခသည်ကိစ္စတွေ၊ စာပေဘာညာပေ့ါနော်။ အဓိကကလူမှု ရေးနဲ့ပက်သက်တာဆောင်ရွက်ချင်လို့ ဝင်အရွေးခံခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

UNDP ပါတီသည် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် ဖြစ်သောကြောင့် UNA အဖွဲ့ဝင် ဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)နှင့် ကချင်ပြည်နယ်တွင် ရွေးကောက် ပွဲအောင်နိုင်ရေးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း UNDP ပါတီဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်က ပြောကြားသည်။

NLD အစိုးရလက်ထက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်း၊ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည် သူများအရေးဖြေရှင်းလိုခြင်းတို့ကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

“သူတို့က (KNC ပါတီ) ပဲဖိတ်ခေါ်တာ။ UNA က ဝင်ရောက်ယှဉ်ပြိုင်မဲ့သူ မရှိဘူးပေါ့နော်။  ကျွန်တော် တို့နဲ့လည်းမဟာမိတ်ဖြစ်တယ်။ UNDP ပါတီက ကိုယ်စားလှယ်တစ်ယောက် ပေးပါဆိုလို့ ကျွန်တော့်ကို ရွေးချယ်လိုက်တာပေ့ါနော်။ ရွေးချယ်ပြီးတော့ ကျွန်တော့်တို့ ဥက္ကဋ္ဌကလည်း ဒီမှာဝင်ရွေးပါ။   ခင်ဗျားနဲ့ လည်းနဂိုတည်းကရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိတယ်။ နောက်ခင်ဗျားကလည်း ကချင်ပြည်နယ်ကို  အကြိမ်ကြိမ်အခါခါ ရောက်တယ်။ ကချင်လုပ်ငန်းရှင်တွေ တော်တော်များများနဲ့လည်းသိတယ်။  ဝန်ကြီးတွေနဲ့လည်းသိတယ်ပေ့ါနော်။ အဲဒါနဲ့ ကျွန်တော့်ကို တာဝန်ပေးလို့ ဝင်ရွေးတာပါ” ဟုဦးသန်းဝင်းလှိုင်က ပြောကြားသည်။

ဦးသန်းဝင်းလှိုင်သည် အမည်ရင်းဦးသန်းဝင်းဖြစ်ကာ ကလောင်အမည် သန်းဝင်းလှိုင်ဖြင့် သမိုင်းဆိုင်ရာစာအုပ်ပေါင်း ၇၃ အုပ်ရေးသားထုတ်ဝေခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ရုပ်ထုမှ ပြောသောပုဂ္ဂိုလ်ထူးများစာအုပ်ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သည်။

ထို့အပြင် ဦးသန်းဝင်းလှိုင်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး လက်ရှိတွင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ကိုအခြေခံတည်ထောင်သည့် UNDP  ပါတီတွင် ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်လျက်သူဖြစ်သည်။

UNDP ပါတီသည် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကိုအခြေခံကာ နိုင်ငံရေးနှင့် တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူများ စုပေါင်းတည်ထောင်သည့် နိုင်ငံရေးပါတီဖြစ် ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ၂၀၁၉ ခုနှစ်ဒီဇင်ဘာတွင် နိုင်ငံရေးပါတီမှတ်ပုံတင် ရရှိခဲ့သည်။

ပါတီတည်ထောင်ပြီးနောက် တိုင်းရင်းသားပါတီများဖြင့် စုဖွဲ့ထားသည့် UNA အဖွဲ့ဝင်အဖြစ်   လျှောက် ထားခဲ့ပြီး ဇွန်လကုန်ပိုင်းတွင် UNA က အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။

UNDP ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ငံရေးတက်ကြွလှုပ်ရှားသူဒေါ်နော်အုန်းလှသည်လည်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။

 

Most Read

Most Recent