MFF သည် အမျိုးသားအသင်းများအဖြစ် လက်ရွေးစင်အသင်း၊ ယူ-၂၂ အသင်း၊ ယူ-၁၉ အသင်း၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်း များအဖြစ် လက်ရွေးစင်အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၅ အသင်း၊ ဖူဆယ်အသင်းများ အဖြစ် လက်ရွေးစင်အသင်းနှင့် ယူ-၁၉ အသင်းတို့ ဖွဲ့စည်းရမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခုနှစ်နှင့် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အသင်းကိုးသင်းအား ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာ ပြိုင်ပွဲများ ရွှေ့ဆိုင်းထားရာ လက်ရွေးစင် အသင်းများအနေဖြင့် အစောဆုံး အောက်တိုဘာမှသာ ပြိုင်ပွဲများစတင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲကျင်းပသည့်ကာလအပေါ် မူတည်၍ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ စီစဉ်ပေးမည်ဖြစ်သည်။ MFF သည် အမျိုးသားအသင်းများအဖြစ် လက်ရွေးစင်အသင်း၊ ယူ-၂၂ အသင်း၊ ယူ-၁၉ အသင်း၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်း များအဖြစ် လက်ရွေးစင်အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၅ အသင်း၊ ဖူဆယ်အသင်းများ အဖြစ် လက်ရွေးစင်အသင်းနှင့် ယူ-၁၉ အသင်းတို့ ဖွဲ့စည်းရမည်ဖြစ်သည်။
MFF သည် ယင်းအသင်းများ၏ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရနိုင်သည့်အခြေအနေ၊ ပြိုင်ပွဲအကြို ပြင်ဆင်မှုများနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ပြိုင်ပွဲများအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့် MFF နည်းစနစ်ကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။ "လက်ရွေးစင်အသင်းတွေရဲ့ နိုင်ငံ တကာပြိုင်ပွဲယှဉ်ပြိုင်ရမယ့်အနေအထားတွေ၊ ပြိုင်ပွဲအကြိုပြင်ဆင်ဆောင်ရွက်ရမှာ တွေအတွက် ဆွေးနွေးခဲ့ပါတယ်။ လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကလွဲရင် ကျန်တဲ့ပြိုင်ပွဲတွေက ရက်မသတ်မှတ်ရသေးပါဘူး။ ပြိုင်ပွဲကျင်းပမယ့်ကာလ ထွက်ပြီးမှ ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတာ ဆုံးဖြတ် သွားမှာပါ"ဟု MFF နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။
ယင်းအသင်းများအနက် လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၂၂ အမျိုးသားအသင်း၊ ဖူဆယ်လက်ရွေးစင်အသင်းနှင့် ယူ-၁၉ အသင်းတို့မှာ ယခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ရန်မရှိသေးဘဲ လာမည့်နှစ်မှသာ ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကျန်အသင်းများယှဉ်ပြိုင်ရမည့် အာဆီယံ အဆင့်ပြိုင်ပွဲများမှာလည်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က အစည်းအဝေးပြု လုပ်ပြီးမှသာ ကျင်းပမည့်ရက် အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာအသင်းသည် AFF ပြိုင်ပွဲကိုးခုတွင် ရှစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။















