ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူများ စတင် ထုတ်ဝေပြီး ပင်စင်လစာများတွင် နှစ်ရွက်စီ ထည့်သွင်းထားကြောင်း သိရ

ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူများ စတင် ထုတ်ဝေပြီး ပင်စင်လစာများတွင် နှစ်ရွက်စီ ထည့်သွင်းထားကြောင်း သိရ
ထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ် ၅၀၀ တန် ငွေစက္ကူကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 22 July 2020
မျိုးထွန်း

ဗိုလ်ချုပ်ရုပ်ပုံပါ  ၅၀၀ ကျပ်တန် ငွေစက္ကူများ စတင်ထုတ်ဝေပြီး ပင်စင်လစာများတွင် နှစ်ရွက်စီ ထည့်သွင်းထားကြောင်း သိရသည်။

“အရင်တုန်းကလို ဗိုလ်ချုပ်ပါတဲ့ ပိုက်ဆံတွေကို ပြန်ပြီးတော့ ကိုင်ခွင့်ရတယ်။ သုံးစွဲခွင့်ရတယ်ပေါ့။ အရင်တစ်ခါ တစ်ထောင်တန်တုန်းကလည်း လာထုတ်ပါတယ်။ ကျွန်တော်တို့က ပင်စင်စားတွေဆိုတော့ တစ်လကို ဗိုလ်ချုပ်ပိုက်ဆံ နှစ်ရွက်စီ ပါပါတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက် ထုတ်ယူသူတစ်ဦးက ပြောကြားသည်။

အခြားငွေစက္ကူများကိုလည်း ဗိုလ်ချုပ်ရုပ်ပုံဖြင့်သာ ထုတ်လုပ်လျှင် ပိုကောင်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပိုက်ဆံလာထုတ်တော့ ခုဗိုလ်ချုပ်ရုပ်ပုံနဲ့ ပိုက်ဆံပါတဲ့အတွက် အဘတို့ အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါထိုက်တန်တဲ့ အနေအထားပေါ့။ သူများနိုင်ငံတွေမှာဆိုရင် ဗိုလ်ချုပ်တို့လောက် တိုင်းပြည်အတွက် မစွန့်စားတဲ့ သူတွေကိုတောင် ပိုက်ဆံထဲမှာ ပါတယ်ပေါ့။ ပြီးတော့ ခုချိန်ထိ သူတို့ ပိုက်ဆံတွေဟာ လုံးဝမပြောင်းလဲဘူး။ နိုင်ငံခေါင်းဆောင်ပုံတွေ ပါတယ်” ဟု သာကေတမြို့နယ်မှ ပင်စင်လာရောက် ထုတ်ယူသူတစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ကျပ် ၅၀၀ တန်များကို ထုတ်ဝေရာတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ လာရောက် ထုတ်ယူသူများကို တစ်ဦးလျှင် နှစ်ရွက်နှုန်းဖြင့် ထုတ်ယူနိုင်ပြီး အစိုးရဝန်ထမ်းများနှင့် ပင်စင်စား ဝန်ထမ်းများကိုလည်း ၎င်းတို့၏ လစာထဲတွင် ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူ ကျပ် ၅၀၀ တန်ကို နှစ်ရွက်စီ ထည့်သွင်းပေးကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား  ၁၅၀  မီလီမီတာ အနံ  ၇၀ မီလီမီတာရှိကာ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏ အပေါ်ဘက်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” စာတန်း ရိုက်နှိပ်ထားမည် ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရသည်။

ငါးရာကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏ တန်ဖိုးကို မြန်မာစာသားဖြင့် “ငါးရာကျပ်” ဟု ဖော်ပြပြီး ထောင့် သုံးထောင့်တွင်လည်း ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားမည် ဖြစ်သည်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက် ရိုက်နှိပ်ထားကာ ငွေစက္ကူ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိမည် ဖြစ်သည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံ ထည့်သွင်းထားပြီး ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားမည်ဟု ဗဟိုဘဏ်က ဆိုသည်။

ငါးရာကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “CENTRAL BANK OF MYANMR” စာတန်း အောက်ပိုင်း၌ “FIVE HUNDRED KYAT” ဟူသော စာတန်းများ ရိုက်နှိပ်ထားသည်။ ထောင့် သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအသစ် ထပ်မံ ထုတ်ဝေမည် ဖြစ်သော်လည်း လက်ရှိ သုံးစွဲလျက်ရှိသော ငါးရာကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများကို စတင်ရိုက်နှိပ်ခဲ့ရာ ပထမဆုံး ထုတ်ဝေခဲ့သည့် ငွေစက္ကူမှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူ ဖြစ်သည်။ တစ်ထောင်ကျပ်တန် ငွေစက္ကူအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ယခင် သုံးစွဲနေသည့် ခြင်္သေ့ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူနေရာတွင် အစားထိုးခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent