ဘာစီလိုနာအသင်း၏ ယခုရာသီ အကောင်းဆုံးကစားသမားစာရင်း စစ်တမ်းကောက်ယူရာ မက်ဆီကိုကျော်၍ စတီဂန် မဲအများဆုံးရ

ဘာစီလိုနာအသင်း၏ ယခုရာသီ အကောင်းဆုံးကစားသမားစာရင်း စစ်တမ်းကောက်ယူရာ မက်ဆီကိုကျော်၍ စတီဂန် မဲအများဆုံးရ
Photos : Marca
Photos : Marca
Published 20 July 2020

ဘာစီလိုနာအသင်း၏ ယခုရာသီအကောင်းဆုံးကစားသမားစာရင်းကို Marca သတင်းစာက စစ်တမ်းကောက်ယူရာ ဂိုးသမား စတီဂန်က အသင်းခေါင်းဆောင် မက်ဆီကိုကျော်၍ မဲအများဆုံးရရှိခဲ့ကြောင်း သိရသည်။

Marca သတင်းစာသည် ယခုရာသီ ဘာစီလိုနာအသင်း၏ ကစားသမား ၂၂ ဦးစာရင်းကို ပရိသတ်များထံမှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ဂျာမနီလက်ရွေးစင်ဂိုးသမား စတီဂန်က စွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဘာစီလိုနာအသင်းသည် တနင်္ဂနွေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ရာသီပိတ်ပွဲစဉ်မတိုင်မီ ၃၇ ပွဲ ကစား ၂၄ ပွဲသာ အနိုင်ရကာ ခုနစ်ပွဲသရေ၊ ခြောက်ပွဲရှုံးနိမ့်ထားသော်လည်း စတီဂန်အနေဖြင့် ၃၆ ပွဲကစားရာ Clean Sheet ၁၄ ပွဲရရှိ ထားသဖြင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။

အကောင်းဆုံးကစားသမားအဖြစ် နှစ်စဉ်လိုလိုရွေးချယ်ခံခဲ့ရသည့် မက်ဆီမှာမူ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး ၎င်းင်းသည် ရာသီပိတ်ပွဲမတိုင်မီ လာလီဂါပြိုင်ပွဲတွင် ၂၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၀ ကြိမ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု သုံးကြိမ်၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု တစ်ကြိမ်၊ စပိန်စူပါဖလားပြိုင်ပွဲတွင် တစ်ဂိုး သွင်းယူပေးထားသည်။

သို့သော် ယခုရာသီမှာ မက်ဆီအတွက် ၂၀၀၈ ခုနှစ်နောက်ပိုင်း ၁၂ နှစ်အတွင်း ပြိုင်ပွဲစုံ သွင်းဂိုးအနည်းဆုံးရာသီလည်းဖြစ်သည်။

လူငယ်ကြယ်ပွင့်ကစားသမား အန်ဆူဖာတီနှင့် ရစ်ကီပွတ်တို့က အဆင့် ၃၊ ၄ နေရာ ရပ်တည်နိုင်ခဲ့ပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားသည့် တိုက်စစ်မှူး ဂရီးဇ်မန်းမှာမူ ကစားသမား ၂၂ ဦးအနက် အဆင့် ၁၈ နေရာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent