COVID-19 ကပ်ရောဂါ၏ ထိခိုက်မှုများကိုကုစားရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးမည်

COVID-19 ကပ်ရောဂါ၏ ထိခိုက်မှုများကိုကုစားရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးမည်
 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခု၏ မြင်ကွင်းအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခု၏ မြင်ကွင်းအားတွေ့ရစဉ်
Published 8 July 2020
                   ရွှန်းလဲ့ဝင်း

COVID-19 ကပ်ရောဂါ၏ ထိခိုက်မှုများကိုကုစားရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကျပ်ဘီလျံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးသွားရန် စီစဉ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါပြောကြားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံက ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၇ ရက်ကပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/ ၂၀၂၀) အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “COVID-19 ကပ်ရောဂါရဲ့ ထိခိုက်မှုတွေကြောင့် လုပ်ငန်းတွေကို ကုစားမှုပေးရာမှာတော့ လုပ်ငန်းရှင်တွေက လုပ်ငန်းဆက်လက် လုပ် ဆောင်ပြီး ဝန်ထမ်းတွေ အလုပ်အကိုင်ရရှိကာ ဝင်ငွေရရှိရေးကို ဦးတည်ချက်ထား ကူညီပေးပါတယ်။ ဘဏ်တိုးတွေ၊ လျှော့ချပေးခြင်း၊ လိုင်စင်ခွန်တွေ အချိန်ကာလ သတ်မှတ်ကင်းလွတ်ခွင့်ပြုခြင်း၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်တွေ၊ ကုန်သွယ်လုပ်ငန်းခွန်တွေ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်းတို့နဲ့ ဖြေလျှော့ပေးခဲ့သလို လက်ခစားစနစ်နဲ့ ဆောင်ရွက်နေတဲ့ အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် တစ်ရာခိုင်နှုန်းအတိုးနဲ့ တစ်နှစ်ချေးငွေ ကျပ်ဘီလျံ ၁၀၀ ထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် ကျပ်ဘီလျံ ၂၀၀ က ၅၀၀ အထိ ထပ်မံထုတ်ချေးပေးသွားဖို့ရှိပါတယ်။ ဒီလိုထုတ်ချေးပေးတာဟာ လုပ်ငန်းရပ်ဆိုင်း နေစဉ်ကာလမှာ ဝန်ထမ်းများကို လစာပေးထားနိုင်ရေး အကူအပံ့အဖြစ် ထုတ်ချေးပေးတာဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာဖြစ်တဲ့အတွက် ဝင်ငွေရရှိအောင် လုပ်ငန်းလုပ်ဆောင်ပြီး သတ်မှတ်ကာလမှာ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သည့် လုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီဆက်လက်ပေးအပ်နိုင်ရန် နိုင်ငံတော်မှ COVID-19 Fund သို့ ကျပ် ၁၀၀ ဘီလျံ ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်တွင် ပြုလုပ်သော COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် ထိခိုက်နစ်နာမှုရှိနေသော လုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ဆက်လက်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်မှ CIVUD-19 Fund သို့ ကျပ် ၁၀၀ ဘီလျံ ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်ထောင်စုအစိုးအရအဖွဲ့၏ ခွင့်ပြုချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စု၏ ၂၀၁၉ -၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် အထွေထွေ ပိုလျှံရန်ပုံငွေမှ ကျပ် ၁၅၀ ဘီလျံအနက် COVID-19 Fund သို့ ကျပ် ၁၀၀ ဘီလျံ၊ COVID-19 Fund စတင်တည်ထောင်စဉ်က ထည့်ဝင်ထားသော လူမှုဖူလုံရေးအဖွဲ့ ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံကို လူမှုဖူလုံ ရေးအဖွဲ့ ရန်ပုံငွေသို့ ပြန်လည်ပေးအပ်ရန် လွှဲပြောင်းထုတ်ပေးသွားမည်ဖြစ်သည်။

COVID-19 Fund သို့ ဖြည့်တင်းပေးရာတွင် ကျပ် ၁၀၀ ဘီလျံကို သုံးကြိမ်ခွဲ၍ ပထမအကြိမ် ကျပ် ၃၅ ဘီလျံ၊ ဒုတိယအကြိမ် ၃၅ ဘီလျံ၊ တတိယအကြိမ် ကျပ် ၃၀ ဘီလျံ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 Fund မှ ဆက်လက်ထုတ်ချေးမည့် ချေးငွေများအတွက် ချေးငွေလျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ ချေးငွေအတိုးနှုန်းနှင့် ချေးငွေသက်တမ်း စသည့် ချေးငွေစည်းကမ်း သတ်မှတ်ချက်များကို COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီက ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

         

 

Most Read

Most Recent