မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုမှာ COVID-19 ကာလအတွင်း နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် သုံးပုံနှစ်ပုံခန့်လျော့ ကျသွားသည်ဟု ဆိုသော်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တရားဝင်ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ကာလတူကထက် မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော် စက်လှေဂိတ်များ ပိတ်ထားခြင်းကြောင့် မြန်မာဘက်တွင် အခွန်ဆောင်ရန် အခက်အခဲရှိသည့် ကုန်ပစ္စည်းအချို့ကြောင့် လက်ရှိကုန်သွယ်မှုပြုလုပ်နေသော ကုမ္ပဏီ ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်တော့၍ ကုန်စည်စီးဆင်းမှု သုံးပုံနှစ်ပုံခန့် လျော့ကျသွားသည်ဟု နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“လုပ်ငန်းတွေ တော်တော်များများကတော့ မြန်မာဘက်က ရပ်နားနေပါတယ်။ ကုမ္ပဏီ ၁၀၀ မှာ သုံးပုံတစ်ပုံလောက်ပဲ Run နေတယ်။ ကျန်တဲ့သုံးပုံနှစ်ပုံလောက်ကတော့ ကိုဗစ်ကြောင့် ဝန်ထမ်းတွေလည်း နားကြ၊ နေရပ်ကို ပြန်ကြနဲ့။ လက်ရှိသွင်းကုန် ထုတ်ကုန် Run နေတာကတော့ အရင်ကတည်းက ထိုင်းနဲ့တရားဝင်လုပ်နေတဲ့ ကုမ္ပဏီတွေပါ။ Export ပိုင်းအနေနဲ့ကတော့ လက်ရှိမှာပြောင်းတွေပဲ တင်ပို့နေကြတယ်။ ဒါပေမယ့် ဒီနှစ်မှာ ရန်ကုန်၊ မန္တလေးဘက်က ပြောင်းစျေးကောင်းတဲ့အတွက် မြဝတီကို အလာနည်းသွားတယ်” ဟု မြဝတီနယ်စပ် ကုန်သည်လုပ်ငန်းရှင် ဦးစိုင်းထွန်းဝေက ပြောကြားသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်အထိ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တရားဝင် ကုန်သွယ်ခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၁၀ ဒသမ ၆၀၇ သန်း ကုန်သွယ်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၁၉ ဒသမ ၉၄၀ သန်းအထိ ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ထိုင်းနိုင်ငံဘက်သို့ ယခုဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၇၃၂ သန်း တင်ပို့နိုင်ခဲ့၍ ယခင်နှစ်ကာလတူက တင်ပို့ခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၁၇၉ ဒသမ ၅၈၃ သန်း ပိုမိုတင်ပို့နိုင်ခဲ့သလို မြန်မာနိုင်ငံဘက်သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှုမှာလည်း အမေရိကန်ဒေါ်လာ ၆၀၀ ဒသမ ၀၇၅ သန်း တင်သွင်းနိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၄၀ ဒသမ ၃၅၇ သန်း ပိုမိုကုန်သွယ်ခဲ့ကြောင်း သိရသည်။
COVID-19 ကာလအတွင်း နယ်စပ်ဖြတ်ကျော် စက်လှေဂိတ်များ ပိတ်ထားခြင်းကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီအများစု လုပ်ငန်းရပ်နားထားပြီး ကုန်စည်စီးဆင်းမှု လျော့ကျသွားသည်ဟု နယ်စပ်ကုန်သည်များက သုံးသပ်သည်။
မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထုတ် ကုန်စည်များကို မြန်မာနိုင်ငံသို့ အချိန်မရွေး တင်သွင်းနေသလို မြဝတီကုန်သည်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို ့မြန်မာ့လယ်ယာထွက်ကုန်များကို အချိန်မရွေးတင်ပို့ခွင့်ရရှိရန် တောင်းဆိုလျက်ရှိကြောင်း မြဝတီနယ်စပ် ကုန်သည်များအသင်းမှ ဒေါ်သင်းသင်းမြတ်က ပြောကြားသည်။
AEC ကုန်သွယ်မှုအဖြစ် အခွန်နှုန်း Zero Rate ကို မျှော်လင့်ခဲ့သော်လည်း ယခုထိုင်းနိုင်ငံသို့တင်ပို့နေသော ပြောင်းဆန်များကို သြဂုတ် ၃၁ ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံက နိုင်ငံသားအကျိုးစီးပွားကာကွယ်သည့် အနေဖြင့် တင်ပို့နိုင်ခြေမရှိသည့် အခွန်နှုန်း ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားခြင်းကြောင့် မြန်မာနိုင်ငံမှ ပြောင်းကုန်သည်များ အခက်ကြုံရကြောင်း သိရသည်၊၊
နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံမှ သွင်းကုန်အများဆုံး တင်သွင်းသည့် နယ်စပ်စခန်းဖြစ်ပြီး ယခင်နှစ်များက ပို့ကုန်ထက် ၁၀ ဆခန့်များပြားခဲ့သော်လည်း ယခုနှစ်တွင် နှစ်ဆခန့်သာများပြားကြောင်း သိရသည်။ မြဝတီဒေါနတောင်ကျော် ကုန်သွယ်အာရှလမ်းသစ် ဖွင့်လှစ်ခဲ့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ထိုင်း-မြန်မာနှစ် နိုင်ငံကုန်စည်များ အမေရိကန်ဒေါ်လာ ၆၈၂ ဒသမ ၃၂၇ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၇၁ ဒသမ ၅၂၂ သန်း ကုန်သွယ်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၅၉ ဒသမ ၄၂၃ သန်း၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၁၇ ဒသမ ၅၄၆ သန်းသာ တင်သွင်းခဲ့သည်။
၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပြောင်းဆန်တင်ပို့မှုကြောင့် COVID – 19 ကြောင့် နယ်စပ်ဂိတ်များ ပိတ်ထားရသော်လည်း တရားဝင်ကုန်သွယ်မှုမှာ ယခင်နှစ်ကထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။















