မန္တလေးတိုင်းဒေသကြီးအတွင်း မသန်စွမ်း မဲဆန္ဒရှင် ၇၀၀၀ ကျော်ရှိပြီး အထွေထွေရွေးကောက်ပွဲ၌ မသန်စွမ်း မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေး စံပြမဲရုံများ ဆောက်လုပ်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း မသန်စွမ်း မဲဆန္ဒရှင် ၇၀၀၀ ကျော်ရှိပြီး အထွေထွေရွေးကောက်ပွဲ၌ မသန်စွမ်း မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေး စံပြမဲရုံများ ဆောက်လုပ်မည်
Published 6 July 2020
မင်းလတ်

မန္တလေးတိုင်းဒေသကြီးတွင် မသန်စွမ်း မဲဆန္ဒရှင် ၇၀၀၀ ကျော်ရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မသန်စွမ်း မဲဆန္ဒရှင်များ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန် စံပြမဲရုံများ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မသန်စွမ်း မဲဆန္ဒရှင်များရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ မဲဆန္ဒနယ်များတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးမည့် အကူကိရိယာများဖြင့် မဲပေးနိုင်ရန် စံပြမဲရုံများကို တည်ဆောက်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်း က ပြောကြားသည်။

“မသန်စွမ်းက ကျွန်တော်တို့ဆီမှာ ဦးရေ ၇၀၀၀ ကျော်ရှိပါတယ်။ မသန်စွမ်း မဲဆန္ဒရှင်စာရင်းပါတဲ့ နေရာ ကျွန်တော်တို့က သူတို့အတွက် အထူးပြုတဲ့ မဲရုံပေါ့ဗျ။ အဲဒါမျိုး ဆောက်ပေးသွားမှာပါ။ မဲရုံတိုင်းမှာတော့ မရှိဘူးပေါ့။ ကျွန်တော်ဆိုလိုတာက မျက်မမြင်ရှိတယ်။ ကိုယ်လက် မသန်စွမ်းရှိတယ်။ နားမသန်စွမ်းရှိတယ်။ စိတ်မသန်စွမ်း ရှိတယ်။အဲဒီမသန်စွမ်းတွေရှိတဲ့ မဲဆန္ဒနယ်ရပ်ကွက် ကျေးရွာမှာ သူတို့အတွက် စံပြ မဲရုံပုံစံမျိုးပေါ့။ ကြက်ခြေနီတို့ လူမှုဝန်ထမ်းက အကူအညီပေးမယ့် လက်တွန်းလှည်းတို့၊ ဒုတ်ကောက်တို့ ကြိုးတန်းလိုဟာမျိုး အသုံးပြုပြီး စံပြမဲရုံ လျာထား ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူဦးရေအချက်အလက် ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းများအား ၂၀၁၉ ခုနှစ် ဇွန်လမှစတင်၍ မဲစာရင်းပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လဝကတို့နှင့် ပူးပေါင်းပြုစုခဲ့ရာ လစဉ် အသက် ၁၈ နှစ်ပြည့် တိုးလာသည့် မဲပေးနိုင်သူဦးရေ၊ ရွှေ့ပြောင်းလူဦးရေနှင့် ပြောင်းရွှေ့၊ သေဆုံးသဖြင့် လျော့သွားသည့် လူဦးရေ စာရင်းများကို စိစစ်ကာ မဲဆန္ဒရှင်အတိုးအလျော့စာရင်းကို ပြုစုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုတဲ့အချိန်မှာ ၁၄ ရက် နှစ်ကြိမ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေကို ပြောလိုတာကတော့ ရွေးကောက်ပွဲ ဥပဒေမှာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးလို့လည်း ရတယ်ဆိုပြီး ပြဋ္ဌာန်းထားပေမယ့် ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ရမယ့် ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေက မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ပေးနိုင်ရင် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၈ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၅၆ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ်သည်။

၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ မန္တလေးတိုင်းဒေသကြီးတွင် ဆန္ဒမဲပေးခွင့်ဦးရေ ၄၅ သိန်းကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Most Read

Most Recent