တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်လိုက်ခြင်းကြောင့် တပ်မတော်သားများ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရပြီး NLD အတွက် မဲတိုးလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်လိုက်ခြင်းကြောင့် တပ်မတော်သားများ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရပြီး NLD အတွက် မဲတိုးလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 3 July 2020
အောင်မင်းသိန်း

 

တပ်တွင်းမဲရုံများ တပ်ပြင်ထုတ်လိုက်ခြင်းကြောင့် တပ်မတော်သားများ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရပြီး NLD အတွက် မဲအရေးအတွက် တိုးလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ၊ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။



ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏

တပ်မတော်သား မိသားစုဝင်များရှိသည့် နေရာအများစုတွင် NLD ပါတီက အနိုင်မရခဲ့သည့် အစဉ်အလာများ ရှိခဲ့ခြင်းကြောင့် တပ်ရင်း၊ တပ်ဖွဲ့များ များပြားသည့်

မဲဆန္ဒနယ်မြေများအတွက် သီးခြားစဉ်းစားထားခြင်းများ ရှိပါသလားဆိုသည့် မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။



“ အခုဟာကတော့ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းကတော့ မန္တလေးကိုပဲ ကျွန်တော်ပြောပါမယ်။ ကျွန်တော်တို့ နန်းတွင်းထဲကို တစ်ခါမှ စည်းရုံးလို့ မရသေးဘူး။

အဲတော့ မဲရုံကိုယ်စားလှယ်လည်း ထားလို့ကို မရဘူး။ အခုတော့ သူတို့ အပြင်ထုတ်မယ် ဆိုလိုက်တော့ ကျွန်တော်တို့ မဲရုံကိုယ်စားလှယ် ထားနိုင်တဲ့ အခွင့်အရေးတော့ ရှိလာပြီ။ အဲတော့ ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်တာလေးတော့ လုပ်နိုင်ပါပြီ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။



တပ်တွင်းမဲရုံများကို တပ်အပြင်ဘက် ထုတ်လိုက်သည့်အတွက် ယင်းနယ်မြေများတွင် NLD ပါတီက အနိုင်ရရှိမည်ဟု ယူဆ၍ မရသော်လည်း တပ်မတော်သားများအနေဖြင့် ၎င်းတို့ နှစ်သက်သည့် ပါတီအား လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရရှိသွားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။



ဒေါက်တာဇော်မြင့်မောင်က ' ဒါက တပ်အပြင်ဘက်ကို ထုတ်လိုက်တဲ့အတွက်NLD နိုင်မယ်လို့

ကျွန်တော်တို့ ယူဆလို့တော့ မရဘူး။ ဒါပေမယ့် တပ်မတော်သားတွေ အတွက်ကတော့ အခွင့်အရေးတစ်ခု ပိုရသွားတယ်။ သူတို့ နှစ်သက်တဲ့ပါတီကို သူတို့ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရှိတယ်။ ဒါကတော့ သူတို့ရဲ့ အားသာချက်ပေါ့။ ကျန်တာကတော့ ကျွန်တော်တို့ ဟို ဘယ်လိုမှ ခန့်မှန်းလို့ မရပါဘူး။ ဒါပေမယ့် ဘာပဲပြောပြော ကျွန်တော်တို့က မျှော်လင့်တာပေါ့။ တပ်မတော်သားတွေများ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရတယ် ဆိုလို့ရှိရင် ကျွန်တော်တို့များ မဲအရေအတွက် တိုးလာနိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့ ခန့်မှန်းထားတာပေါ့။ ဒါကလည်း ကျွန်တော်တို့ ကံသေကံမ ပြောလို့မရပါဘူး” ဟု ပြောကြားသည်။



၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်ပြင်ပမဲရုံ စုစုပေါင်း ၁၀၀၀ နီးပါး ရှိမည်ဟု လျာထားပြီး တပ်မဲရုံများကို တပ်ဂိတ်ပေါက်အနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဇန်နဝါရီ ၉ ရက်က ကျင်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။



တပ်ပြင်မဲရုံများအနေဖြင့် တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များ မဲပေးနိုင်ရန်အတွက် တပ်မဲရုံ ၆၀၀ ကျော်၊ ရပ်ကွက်၊ ကျေးရွာနေ မဲဆန္ဒရှင်များနှင့်အတူ မဲပေးရန်အတွက် တပ်မဲရုံ ၃၀၀ ကျော် ရှိကြောင်း သိရသည်။



၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံ ၈၄၄ ရုံ၊ တပ်မတော်သားများနှင့် အတူနေ မိသားစုများ မဲထည့်ရန်အတွက် မဲရုံ ၁၀၈ ရုံ၊ တပ်မတော်သားများနှင့်အတူ ရပ်ကွက်၊ ကျေးရွာနေ မဲဆန္ဒရှင်များ စုပေါင်း၍ ဆန္ဒမဲပေးနိုင်မည့် မဲရုံ ၁၃၉ ရုံ ရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်လေ့လာသူများနှင့် မဲဆန္ဒရှင်များ အလွယ်တကူ ဝင်ထွက် သွားလာနိုင်ရန်အတွက် တပ်တွင်း မဲရုံများအား တပ်ပြင်သို့ ပြောင်းရွေ့ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားထားသည်။



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်သည့် အခြေခံလူဦးရေ ၃၇ သန်းကျော်ရှိပြီး တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၏ မဲစာရင်း မပါဝင်သေးကြောင်း သိရသည်။

 

 

Most Read

Most Recent