ဘာလဲဟ GDP

ဘာလဲဟ GDP
ရန်ကုန်မြို့ရှိ အဆင့်မြင့်စျေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
ရန်ကုန်မြို့ရှိ အဆင့်မြင့်စျေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
Published 28 June 2020
သန်းစိုး (ဘောဂဗေဒ)

အများကတော့ မြန်မာ့စီးပွားရေး ဦးမော့လာတယ်။ GDP တိုးတက်လာတယ်ဆိုပြီး အကောင်းမြင်ကြတဲ့အပေါ် ဘာမှမှတ်ချက်မပေးလိုပါဘူး။ GDP တက်နေတယ်ဆိုတဲ့ အချက်ကို ပြန်တိုင်းတဲ့နည်းတွေ ရှိသေးတယ်။ ဥပမာဆိုကြပါစို့ GDP တက်နေတယ်။ တစ်ဖက်က တစ်ဦးချင်းဝင်ငွေတက်ရလား။ ဒီနှစ်ချက်နဲ့လည်း ချိန်ထိုးလို့ ရတယ်။

GDP တက်နေတယ်။ တစ်ဦးချင်းဝင်ငွေလည်း တက်နေတယ်။ ဒါပေမဲ့ စားသုံးသူစျေးဆနှုန်းကိန်း တက်သလား။ ကျသလားနဲ့ ပြန်တိုင်းလို့ ရသေးတယ်။ မက်ခရိုစီပွားရေး အညွန်းကိန်းတွေအရ GDP တက်ရင် စားသုံးမှု၊ အသုံးစရိတ်၊ ပြည်ပပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု စတဲ့အညွှန်းကိန်းတွေလည်း သေချာပေါက် တက်နေရပါလိမ့်မယ်။

GDP တက်ပြီး စားသုံးမှုက နဂိုပုံမှန်အခြေအနေ၊ စုဆောင်းမှုက မတက်ဘူး။ ရင်းနှီးမြှုပ်နှံမှု မတက်ဘူး။ ပြည်ပပို့ကုန် မတက်ဘူးဆိုရင် ဒါဟာစဉ်းစားစရာအချက် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် GDP နဲ့ နှိုင်းယှဉ်စဉ်းစားလို့ရမယ့် မက်ခရိုစီးပွားရေးအညွှန်းကိန်းကို နားလည်သလောက်တင်ပြပါ့မယ်။

 

GDP နှင့် ပြည်ပသို့ အသားတင်ပေးရန်တန်ဖိုး

အဲဒီတော့ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုးကို ဘောဂဗေဒနည်းအရဆိုရင် ပြည်တွင်းနိုင်ငံသားတွေက ထုတ်လုပ်တာလား။ ပြည်တွင်းမှာလာပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များက ထုတ်လုပ်တဲ့ တန်ဖုုိးလား။ ပြန်ပြီး ခွဲခြားဖော်ပြလိုက်မယ်ဆိုရင် တိုးတက်မှုအသီးအပွင့်ကို နိုင်ငံသားတွေ ခံစားရသလား။ တခြားသူတွေ ခံစားရသလားဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ။ ဒါကို ခွဲခြားဖို့ လိုတယ်။ 

တခြားနိုင်ငံမှာတော့ GDP ကို ပြည်ပနိုင်ငံသားတွေ ထုတ်လုပ်တဲ့ တန်ဖိုး၊ သူတို့ရဲ့ဝင်ငွေ ပြန်နုတ်ပြီးတော့မှ ကျန်တဲ့ ငွေကြေးပမာဏက အမှန်တိုးတက်မှုလို့ ဖော်ပြကြတယ်။ ပြည်ပနိုင်ငံအတွက် ပြန်ပေးရတဲ့ ပမာဏကို ပြန်နုတ်ရတာပါ။ အဲဒါကို NIPA (Net Income Payment Abroad) လို့ ခေါ်တယ်။ ဥပမာဆိုကြပါစို့။ ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက ငွေတွေ ပြန်နုတ်ရင် GDP ကိန်းဂဏန်းဟာ အပြောင်းအလဲ ရှိသွားနိုင်တယ်။

ဥပမာဆိုကြပါစို့။ တယ်လီကွန်းစီးပွားရေး မြန်မာပြည်မှာ တယ်လီဖုန်း အောပရေတာလုပ်ငန်းများက ရတဲ့ဝင်ငွေဟာ စက္ကန့်၊ မိနစ်၊ နာရီအလိုက် ကျပ်ဘီလျံချီ ရနေတာမျိုး။ ဥပမာ ဘီယာထုတ်လုပ်တဲ့ လုပ်ငန်းမျိုး။ ဘီယာဆိုရင် (ဂျပန်ဘီယာ၊ ဟော်လန်ဘီယာ) ဒါတွေလည်း ရှိတယ်။ မြန်မာပြည်မှ တယ်လီကွန်း လုပ်ငန်းများကို ပြည်ပရင်းနှီးမြှုပ်နှံသူများက ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ ဒီတယ်လီကွန်းစီးပွားရေးဟာ အခု COVID-19 ဖြစ်နေတဲ့အချိန်တောင် လူတိုင်း တယ်လီဖုန်းအသုံးပြုမှု၊ အင်တာနက်လိုင်းအသုံးပြုမှုကြောင့် တယ်လီဖုန်းစားသုံးမှုဟာ ပိုမြင့်လာခဲ့ပါတယ်။

ဆင်းမ်ကတ်ပေါင်း သန်း ၄၀ ရှိရင်တောင် စက္ကန့်၊ မိနစ်အလိုက် သုံးစွဲအားမြင့်နေတဲ့အတွက် တယ်လီကွန်း လုပ်ငန်းတွေရဲ့ဝင်ငွေဟာ ကြောက်ခမန်းလိလိဖြစ်မှာပါ။ အဲဒီ တယ်လီကွန်းလုပ်ငန်းတွေရဲ့ဝင်ငွေကို GDP ထဲ ထည့်ပေါင်းထားသလား။ ထည့်ပေါင်းခဲ့ပါက ဒါဟာ NIPA သဘောတရားအရ တွက်ချက်မယ်ဆိုရင် တိုးတက်မှုအသီးအပွင့်ဟာ နိုင်ငံသားတွေနဲ့ တိုက်ရိုက် မသက်ဆိုင်တော့ပါဘူး။ သူတို့ရဲ့ ထုတ်လုပ်မှုတန်ဖိုး နုတ်ကြည့်ရင် ဂျီဒီပီတန်ဖိုးဟာ နည်းသွားပါလိမ့်မယ်။

ဆင်းမ်ကတ်ပေါင်း သန်း ၄၀ ရဲ့ သုံးစွဲနေတဲ့ ခေါ်ဆိုမှုအသုံးပြုခတွေ၊ အင်တာနက်အသုံးပြုခတွေဟာ စက္ကန့်၊ မိနစ်အလိုက် ကျပ်ဘီလျံပေါင်းများစွာ ကုန်ကျနေမှာဖြစ်သလို တယ်လီကွန်းလုပ်ငန်းကြီးတွေရဲ့ ဝင်ငွေလည်း ဖြစ်နေပါလိမ့်မယ်။ ဒီလိုကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ဘာကြောင့် အစုရှယ်ယာပါပြီး မလုပ်ခဲ့တာလဲ။ အစိုးရကိုုယ်တိုင်က ပြည်တွင်းရှယ်ယာ တချို့တဝက်ပါဝင် ထည့်သွင်းခဲ့တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းသာ ရှိခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့ GDP အမှန်တက်နေမှာပါ။ အခုတော့ တယ်လီကွန်းလုပ်ငန်းကြီးလေးခုရဲ့ ဝင်ငွေဟာ GDP တန်ဖိုးအရ ပမာဏအများကြီးရှိတယ်ဆိုပေမဲ့  NIPA သဘောအရဆိုရင် နိုင်ငံအတွက် အကျိုးကျေးဇူးရရှိမှု နည်းပါးနေတာကို တွေ့မြင်ရပါလိမ့်မယ်။

ဒီလိုပဲ အထည်ချုပ်လုပ်ငန်းတွေအားလုံးဟာ ဟောင်ကောင်၊ တရုတ်၊ ကိုရီးယားတွေများပါတယ်။ သူတို့ဟာ CMP လုပ်ငန်းတွေဖြစ်တာကြောင့် အမြတ် Margin ဟာ ရာခိုင်နှုန်း ၂၀ မကျော်ပါဘူး။ ကမ္ဘောဒီးယားတို့ဆိုရင် Supply Chain ကြီး တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၄၀ ကျော် ပြည်တွင်းအရင်းအမြစ်က ထုတ်ယူတဲ့အတွက် အမြတ်မာဂျင်ဟာ ရာခိုင်နှုန်း ၅၀ ကျော်ရတာမျိုးပါ။ အထည်ချုပ်နဲ့ပတ်သက်ပြီး ပြည်တွင်းက ရတာက စက်ရုံငှားခ၊ အလုပ်အကိုင်၊ မီးခ၊ ရေခ စတဲ့ငှားရမ်းခများ ဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုတန်ဖိုး တွက်ရင်အားလုံးပေါင်းကို ဝင်ငွေအဖြစ် သတ်မှတ်တာမျိုးဖြစ်ပါတယ်။

 

GDP နှင့် တစ်ဦးချင်းဝင်ငွေ

ပိုပြီးနှိုက်နှိုတ်ချွတ်ချွတ် ပြောရရင် GDP တန်ဖိုးနဲ့ တစ်ဦးချင်းဝင်ငွေ နှိုင်းယှဉ်ရပါတယ်။  ဒီလို တစ်ဦးချင်း ဝင်ငွေတိုးတက်ခြင်းဟာ Development အပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်သွားပါပြီ။ မြန်မာပြည် GDP ကိန်းဂဏန်းများဟာ ဆယ်စုနှစ် ငါးခုမက ကိန်းဂဏန်းအရ တက်နေတာပါပဲ။ တက်လာတဲ့အစိုးရတိုင်းဟာ နိုင်ငံတကာမှာ အမြင်ကောင်းအောင် GDP တိုးတက်မှုကို နိုင်ငံရေးဝါဒတစ်ရပ်အနေနဲ့ ကျင့်သုံးခဲ့တာဟာလည်း ဆယ်စုနှစ်ငါးခုမက ရှိခဲ့ပါပြီ။

ဒါပေမဲ့လည်း နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း၊ တစ်ဦးချင်းဝင်ငွေ၊ ပညာရေးအဆင့်အတန်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်စတဲ့ လူမှုရေးအညွှန်းကိန်းတွေကတော့ ထင်သလောက် မတက်လာခဲ့ပါဘူး။ GDP တက်နေလို့ စီးပွားရေး အသွင်သဏ္ဌာန် Economics Structure ပြောင်းခဲ့သလား။ မပြောင်းခဲ့ပါဘူး။ စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍကသာ နိုင်ငံ့စီးပွားရေးကို ဦးဆောင်နေခဲ့တာပါ။ မြန်မာ့စီးပွားရေးဟာ လယ်ယာသားငါးကဏ္ဍအပေါ်မှာပဲ အမှီသဟဲပြုနေခဲ့ကြတာပါ။ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ ဆိုတာဟာလည်း အဲဒီ GDP တိုးတက်မှု ဆယ်စုုနှစ်မက တက်လာတဲ့ ဒေတာတွေအရဆိုရင် စီးပွားရေး အသွင်သဏ္ဌာန်ပြောင်းခဲ့နေတာ ကြာခဲ့ပါပြီ။ ဒါကို လက်တွေ့ချင့်ချိန် သုံးသပ်ဖို့ GDP နဲ့ တစ်ဦးချင်းဝင်ငွေကို နှိုင်းယဉ်စဉ်းစားသင့်တယ်လို့ ဖော်ပြလိုခြင်း ဖြစ်ပါတယ်။

GDP တိုးတက်မှုနဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုညီနေရင် ဝင်ငွေခွဲဝေမှုဟာ ညီမျှ Income Equility နေရပါမယ်။ လိုရင်းကတော့ စီးပွားရေးတိုးတက်မှုအသီးအပွင့်ကို လူတိုင်းအညီအမျှ ခွဲဝေခံစားကြမှာ ဖြစ်ပါတယ်။ GDP တိုးတက်မှုဟာ ဝင်ငွေခွဲဝေမှု Distribution of Income မျှမျှတတ လုပ်ဆောင်ပေးရမယ့် အပိုင်းကို အစိုးရက တာဝန်ယူဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ စီးပွားရေး အသီးအပွင့်ကို အညီအမျှ စားသုံးနိုင်ဖို့ တစ်နည်းဆိုရရင် နိုင်ငံသားတိုင်း တိုးတက်လာတဲ့ဝင်ငွေကို အညီအမျှ ရကြသလားဆိုတဲ့ ပေတံကသာ GDP အစစ်အမှန်ဖြစ်ပါလိမ့်မယ်။ 

GDP တက်တိုင်း Distribution of Income မမျှမတဖြစ်နေတာမျိုးကို ခွဲခြားပြီး တုုိးတက်မှု ကောင်း၊ မကောင်း ဆန်းစစ်ဖို့လိုတာပါ။ သေချာတာကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၆ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာကို အရင်အစိုးရက ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။

တကယ်လို့ GDP တက်ရင် မြန်မာနိုင်ငံရဲ့ ဆင်းနွမ်းပါးမှုနှုန်းဟာ လျော့နည်းသွားရပါလိမ့်မယ်။ ၂၆ ရာခိုင်နှုန်းကနေ ကျဆင်းရပါလိမ့်မယ်။ အခု မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်းကနေ ကျသလား၊ မကျဘူးလားဆိုတဲ့ ဒေတာကို အခုအထိ မသိရသေးပါဘူး။ သေချာတာကတော့ မြန်မာ့စီးပွားရေးရဲ့ အဓိကကဏ္ဍဖြစ်တဲ့ လယ်ယာကဏ္ဍမှာရှိတဲ့ တောင်သူတွေရဲ့ စီးပွားရေးကတော့ တက်မလာတာ အမှန်ပါ။ မြို့ပြဆင်းရဲနွမ်းပါးမှုတွေ၊ ရွှေ့ပြောင်းအလုုပ်သမားတွေ၊ အခု COVID-19 ကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်လက်မဲ့တိုးပွားလာမယ့် အခြေအနေတွေဟာ ဆင်းရဲနွမ်းပါးမှုကို တွန်းပို့နေတဲ့အခြေအနေတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဝင်ငွေခွဲဝေညီမျှမှု အားနည်းတယ်။ ဝင်ငွေမညီမျှမှု မြင့်တက်နေတာတွေနဲ့ပတ်သက်ပြီး အခုချိန်အထိ ဂျီနီ (Gini) မျဉ်းကွေးအရ မြန်မာနိုင်ငံရဲ့ဝင်ငွေခွဲဝေမှုပုံစံ ဘယ်လိုဖြစ်နေသလဲဆိုတာ ပညာရှင်တွေ မထုတ်ဖော်ကြသေးဘူး ထင်ပါတယ်။

၂၀၁၅ အရင်အစိုးရခေတ်က မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်းဟာ ၂၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဆင်းရဲနွမ်းပါးမှုနှုန်း ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်မယ့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်ခဲ့တာကို လေ့လာခဲ့ပါတယ်။ ၂၀၁၆ နောက်ပိုင်း မြန်မာနိုင်ငံဆင်းရဲနွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်းကနေ ဘယ်လောက်လျော့ကျသွားပြီလဲဆိုတဲ့ အချက်ကို သိတဲ့သူတွေရှိရင် ပြောစေလိုပါတယ်။

၂၀၁၆ နောက်ပိုင်း သိပ်မကြားရတဲ့ မူဝါဒစကားလုံးဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေ ထင်ပါတယ်။ ဒီစကားလုံးနှစ်ခုနဲ့ပတ်သက်ပြီး ပေါ်လစီနည်းဗျူဟာ မကြားရပါ။ ဒါကြောင့် အခု COVID-19 ဖြစ်ပြီးတဲ့နောက် ပြည်ပအလုပ်သမားတွေ ပြန်လာတဲ့အချက်ကြောင့် အလုပ်လက်မဲ့တွေ များလာနိုင်ခြေ၊ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းလို့ အလုပ်လက်မဲ ့အခြေအနေတွေကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်း တိုးလာနိုင်ခြေရှိပါတယ်။

ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲသွားတယ်။ အလယ်အလတ်ရှိတဲ့ သူတွေက နဂိုမူရင်းနေရာမှာပဲ မပြောင်းမလဲနေတယ်။ ချမ်းသာတဲ့သူတွေက ပိုချမ်းသာနေကြတယ်ဆိုရင် ဒါဟာ ဝင်ငွေခွဲဝေညီမျှမှု အားနည်းတယ်လို့ ယူဆကြတာပါ။ GDP တိုးတက်မှု၊ ဝင်ငွေတိုးတက်မှုဟာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတွေ၊ ခရိုနီကြီးတွေ၊ တခြားကော်ပိုရေးရှင်းတွေရဲ့ စီးပွားရေးဒေတာ တိုးတက်တာပဲလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

GDP တက်ပြီး အခြေခံလူတန်းစားဘဝ မတိုးတက်ဘူးဆိုရင် ဝင်ငွေဟာ အပေါ်ယံလူ့အဖွဲ့အစည်းရဲ့ဝင်ငွေ ဖြစ်နေတမှာပါ။ သေချာတာကတော့ ဝင်ငွေခွဲမှုမှာ မညီမမျှဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း လူမှုရေးပဋိပက္ခတွေ၊ တရားဥပဒေစိုးမိုးမှုအပေါ် စိန်ခေါ်မှုတွေ၊ တစ်ဦးချင်း သတ်သေမှုနှုန်းတွေ တက်နေတာပါ။ ထစ်ခနဲရှိ ခိုက်ရန်ဖြစ်ပြီး လူသတ်မှုတွေ၊ ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ၊ လိမ်လည်မှုတွေ ဖြစ်နေကြတာပါ။ တစ်ဦးချင်းဝင်ငွေ မြင့်တက်လာရင် လူတွေက ဘဝနဲ့ အသက်ရှင်မှုကို တန်ဖိုးထားတတ်ကြပါတယ်။ ဝင်ငွေခွဲဝေမှုမျဉ်း၊ ဝင်ငွေခွဲ ဝေမှုပုံသဏ္ဌာန်ကိုသာ သိရရင် ဆင်းရဲနွမ်းပါးမှုအခြေအနေကိုလည်း သိရမှာပါ။

တိုင်းပြည်ဟာ GDP တိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း တဖြည်းဖြည်းနည်းသွားတယ်ဆိုရင် အဲဒါ ကောင်းပါတယ်။ GDP တက်တယ်။ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာတယ်။ လျော့ကျမသွားဘူး။ လူမှုရေးဆိုင်ရာ ပြစ်မှု (Social Crime) တွေ ပေါ်တယ်။ တရားဥပဒေစိုးမိုးမှုနည်း (Rule of Law) အားနည်းတယ် ဒါဆိုရင် သေချာတယ်။

တိုင်းပြည်စီးပွားရေးတိုးတက်နေရင် လူမှုရေးပြဿနာတွေ နည်းသွားသလို၊ တရားဥပဒေစိုးမိုးမှုဟာလည်း တည်ငြိမ်နေသွားတဲ့ သီအိုရီဟာ နိုင်ငံတကာက လက်ခံထားကြတာပါ။ တိုင်းပြည်မှာ လူမှုရေးပြစ်မှုတွေ၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတယ်ဆိုရင် ဒါဟာ GDP တိုး တက်တိုင်း ဝင်ငွေခွဲဝေမှု မညီမျှဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်ချလုုိ့ ရမှာဖြစ်ပါတယ်။

ဒါကြောင့် GDP နဲ့ တစ်ဦးချင်းဝင်ငွေ မတည့်ဘူး။ အစပ်မဟပ်မရှိဘူးဖြစ်နေတယ်ဆိုရင် GDP တိုးတက်ခြင်း သဘောတရားတစ်ခုတည်းနဲ့ တိုင်းပြည်တိုးတက်တယ်လို့ ပြောလို့မရပါဘူး။ GDP နဲ့ တခြားအချက်တွေဖြစ်တဲ့ GDP တက်ပြီး တခြားအညွှန်းကိန်းတွေဖြစ်တဲ့ တစ်ဦးချင်း စုဆောင်းမှု၊ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု၊ တစ်ဦးချင်း စားသုံးမှု တက်တာမျိုးကမှ GDP တက်တာ ကောင်းတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်နေတယ်ဆိုတာကို ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

 

တစ်ဦးချင်းဝင်ငွေနှင့် စားသုံးမှုစျေးဆနှုန်းကိန်း

တစ်ဦးချင်းဝင်ငွေ တက်တိုင်း တစ်ဖက်က အင်ဖလေးရှင်း၊ အတိုးနှုန်း၊ စားသုံးသူ စျေးဆနှုန်းကိန်း တက်နေတယ်ဆိုရင် ဒါဟာ မကောင်းပါဘူး။ ရရစားစား၊ ၀ါးဝါးမျိုမျိုပဲ ဖြစ်နေမှာပါ။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု ပျက်ယွင်းစေပြီး အဲဒီရင်းနှီးမြှုပ်နှံမှုကနေ ထုတ်လုပ်မှုမရှိတာမျိုး တစ်ဖန်ပြန်ဖြစ်တယ်။ အခုက GDP တက်သလို စားသုံးသူစျေးဆနှုန်းကိန်းဟာလည်း အချိုးညီညီ တက်ပါတယ်။

ဒါကြောင့် GDP တိုးတက်မှု ဒါမှမဟုတ် GDP ကောင်းကျိုးဆိုးကျိုး စတဲ့ ရှုထောင့်တွေကုုိ ပြောတဲ့နေရာမှာ စီးပွားရေးတခြားအညွှန်းကိန်းများက ပြောကြသလို၊ လူမှုရေးတိုးတက်မှု အညွှန်းကိန်းများကလည်း ပြောကြရတာ ဖြစ်ပါတယ်။

ပိုဆိုးတာက ကျွန်တော်တို့နိုင်ငံမှာ ပြည်ပကုုိ အသားတင်ပေးရတဲ့ ပမာဏတန်ဖိုး မတွက်ချက်နိုင်သေးပါဘူး။ နိုင်ငံတကာမှာ GDP တစ်ခုတည်းနဲ့လည်း တိုင်းပြည်စီးပွားရေး တိုးတက်တယ်လို့ ဘယ်စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ချိန်ချိန်ဆဆပဲ ပြောကြလဲ။ နှိုင်းနှိုင်းချင့်ချင့် ပြောကြလဲ။ ဘောဂ ဗေဒပညာရှင်တွေကတော့ GDP တိုးတက်လို့ တိုင်းပြည်ချမ်းသာလာတယ်လို့ ယခင်ဆယ်စုနှစ် များစွာကတည်းက မပြောကြတော့ပါဘူး။

ဒါကြောင့် နိဂုံးချုပ်ရရင် GDP တက်တာ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံခြားကို အသားတင်ပေးရတဲ့ငွေ၊ ပြည်တွင်းမှာ နိုင်ငံခြားသားတွေ ထုတ်လုပ်မှုတန်ဖိုးကို နုတ်ကြပါ။ အဲဒါ ဂျီဒီပီရဲ့ကောင်းကျိုးကို သိပါလိမ့်မယ်။ GDP တက်ပါတယ်။ တစ်ဦးချင်းဝင် ငွေခွဲဝေမှု၊ ဝင်ငွေမျှတမှု ရှိသလား ပြန်တွက်ပါ။ တစ်ဦးချင်းဝင်ငွေ တက်တိုင်း စားသုံးသူစျေးဆနှုန်းကိန်းကရော ဘယ်လိုနေလဲဆိုတာ ပြန်တွက်ကြပါ။ ဒါမှသာ GDP တစ်ခုတည်းက အထိုင်စဉ်းစားနေတာ အဖြေမှန် ပေါ်ပါလိမ့်မယ်ဆိုတာ အကြံပြုချင်ပါတယ်။ ဂျီဒီပီကြောင့် တစ်ဦးချင်း ဝင်ငွေခွဲဝေမှု ညီမျှလာပြီလား။ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိမှုနဲ့အတူ စားသုုံးမှုကို သက်ရောက်စေတဲ့ စားသုံးမှုစျေးဆနှုန်းကိန်း ကျသလား၊ တက်သလား၊ (အင်ဖလေးရှင်းဖြစ်သလား)။ ဆင်းရဲနွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်းကနေ ကျဆင်းသွားပြီလားဆိုတဲ့ ဆက်စပ်မှုအညွှန်းကိန်းတွေနဲ့ ထုတ်ဖော်ရမယ် ထင်ပါတယ်။ ဒီဆောင်းပါးမှာ စီးပွားရေးကိန်းဂဏန်းတွေနဲ့ တွက်ဆမဖော်ပြတာဟာ ကိန်းဂဏန်းတွေ အဆီအငေါ် မတည့်နေလို့ မဖော်ပြရခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဘောဂဗေဒ အကြောင်းပြောရင် အယူအဆတွေကို သိုင်းဝိုင်းပြီး နားလည်မှပြောကြတာ ကောင်းမယ်ထင်လို့ မျှဝေရခြင်း ဖြစ်ပါတယ်။

Most Read

Most Recent