ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမေရိကတွင် အမြင့်ဆုံးအခြေအနေသို့ မရောက်သေးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမေရိကတွင် အမြင့်ဆုံးအခြေအနေသို့ မရောက်သေးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
 နယူးယောက်တွင် အဆင့် -၂ ပြန်လည်ဖွင့်လှစ်မှုစတင်စဉ် ဇွန် ၂၄ ၌ မန်ဟက်တန်တွင် စားသောက်ဆိုင်တစ်ဆိုင် အပြင်ဘက်၌ စားသုံးသူများအား တွေ့ရစဉ်
နယူးယောက်တွင် အဆင့် -၂ ပြန်လည်ဖွင့်လှစ်မှုစတင်စဉ် ဇွန် ၂၄ ၌ မန်ဟက်တန်တွင် စားသောက်ဆိုင်တစ်ဆိုင် အပြင်ဘက်၌ စားသုံးသူများအား တွေ့ရစဉ်
Published 25 June 2020
Ref: AFP

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် အမေရိကတွင် အမြင့်ဆုံးအခြေအနေသို့ မရောက်သေးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၂၄ တွင် သတိပေးခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကူးစက်မှုသည် သီတင်းပတ်တစ်ပတ်အတွင်း ၁၀ သန်းအထိ ရောက်ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးအခြေအနေကို အစိုးရများ၏ အရေးယူဆောင်ရွက်ချက်များက အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။

လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထား အတိုင်းဆိုပါက အရေးကြီးလူနာများကို အထောက်အကူ ပေးနိုင်သည့် အောက်ဆီဂျင်သန့်စင်ကိရိယာများ ပြတ်လပ်မှုဖြစ်လာနိုင်သည်ဟု WHO က သတိပေးခဲ့သည်။

“ဗိုင်းရပ်စ်ကူးစက်မှု ပထမလတုန်းက WHO ကို သတင်းပို့ခဲ့တဲ့ ကူးစက်မှုက ၁၀၀၀၀ အောက်ပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကူးစက်မှု လေးသန်နီးပါး သတင်းပို့မှုရခဲ့ပါတယ်။ လာမယ့်တစ်ပတ်အတွင်း ကူးစက်မှု ၁၀ သန်းအထိ ရောက်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု WHO ၏ဥက္ကဋ္ဌ တေဒရိုအာဒါနွန်ဂီဘရီရေဆုက ပြောကြားခဲ့သည်။

“ကာကွယ်ဆေးနဲ့ ကုထုံးတွေအတွက် ကျွန်တော်တို့သုတေသနတွေ အဆက်မပြတ် လုပ်ဆောင်နေပေမယ့် လူ့အသက်တွေကယ်ဆယ်ဖို့နဲ့ ကူးစက်မှုတွေ လျော့ကျဖို့ ဆောင်ရွက်ရမယ့်တာဝန် ရှိနေတယ်ဆိုတာကို အဲဒီအခြေအနေက သတိပေးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်တွင် ယမန်နှစ်ဒီဇင်ဘာက အစပြုခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် လူ ၄၇၇၅၀၀ သေဆုံးစေခဲ့ပြီး လူ ၉.၃ သန်းနီးပါး ကူးစက်ခံထားရကြောင်း တရားဝင်စာရင်းများကို စုဆောင်းစာရင်းပြုထားသည့် အေအက်ဖ်ပီက ဆိုသည်။

အမေရိကတွင် ဗိုင်းရပ်စ်သည် ပြင်းထန်စွာကူးစက်နေဆဲဖြစ်ပြီး သတိနိုးကြားမှုမရှိပါက နိုင်ငံလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ထပ်မံဆောင်ရွက်ရနိုင်သည့် အလားအလာရှိကြောင်း WHO ၏‌အရေးပေါ်ဆိုင်ရာ ဒါရိုက်တာမိုက်ကယ်ရိုင်ရန်က သတိပေးခဲ့သည်။

“အထူးသဖြင့် တောင်အမေရိကနဲ့ ဗဟိုအမေရိကမှာ ကူးစက်မှုပြင်းထန်နေပါတယ်” ဟု ရိုင်ရန်က ပြောကြားခဲ့သည်။

နိုင်ငံအများအပြားတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကူးစက်မှု ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအကြား မြင့်တက်ခဲ့သောကြောင့် တဖြည်းဖြည်းမြင့်တက်နေသည့် အခြေအနေဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

“ကံမကောင်းစွာနဲ့ဘဲ အမေရိကရဲ့ နိုင်ငံအများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဟာ အမြင့်ဆုံးအဆင့်ကို မရောက်သေးပါဘူး။ လာမယ့်သီတင်းပတ်တွေမှာ ကူးစက်မှုနဲ့ သေဆုံးမှု ဆက်လက်မြင့်တက်နိုင်ပါတယ်” ဟု ကပ်‌ရောဂါဗေဒပညာရှင် ရိုင်ရန်က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ခြေရှိသူများကို သီးခြားခွဲထားထိန်းချုပ်မှု မဆောင်ရွက်လျှင် ပိတ်ဆို့ထိန်းချုပ်မှုများ ထပ်မံဆောင်ရွက်ရ နိုင်ခြေရှိကြောင်း သူက သတိပေးခဲ့သည်။

အမေရိကန်တွင် ဇွန် ၂၄ က ဗိုင်းရပ်စ်ကူးစက်မှုသည် တစ်ရက်အတွင်း ၃၄၇၀၀ အထိရှိခဲ့ပြီး ဧပြီနှောင်းပိုင်းကာလနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းများက ဆိုခဲ့သည်။

နယူးယောက်နှင့် နယူးဂျာစီကဲ့သို့ ကနဦးကူးစက်မှု ဆိုးရွားခဲ့သည့်နေရာများတွင် ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးသွားခဲ့သော်လည်း အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ မစ္စစ္စပီ၊ နီဗားဒါး၊ တက္ကဆက်နှင့် အိုကလာဟိုးမားတို့တွင် တစ်ရက်အတွင်း ကူးစက်မှုမြင့်တက် နေခဲ့ခြင်းဖြစ်သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ဇွန် ၂၄ အထိ ၂.၄ သန်းနီးပါးရှိပြီး သေဆုံးသူ ၁၂၂၀၀၀ နီးပါးရှိခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် အောက်တိုဘာ ၁ တွင် ၁၈၀၀၀၀ နီးပါးအထိ ရောက်ရှိနိုင်သည်ဟု ၀ါရှင်တန်တက္ကသိုလ်၏ ကွန်ပျူတာမော်ဒယ်က ခန့်မှန်းတွက်ချက်ထားသည်။

အမေရိကတွင် အမေရိကန်ပြီးလျှင် ဘရာဇီးသည် ကိုရိုနာဗိုင်းရပ်စ်ကို ဒုတိယအဆိုးဆုံးခံစားရသည့်နိုင်ငံဖြစ်ပြီး ကူးစက်မှု ၁.၁ သန်းကျော်အနက် ၅၂၆၀၀ ကျော် သေဆုံးထားသည်။

တစ်ချိန်တည်းမှာပင် နှစ်စဉ်ကျင်းပမြဲ ဟာ့ဂျ်ဝတ်ပြုခရီးစဉ်အား လူ ၁၀၀၀ ခန့်အတွက်သာ ခွင့်ပြုမည့် ဆော်ဒီအာရေဗျ၏ အစီအစဉ်ကို WHO က ချီးကျူးခဲ့သည်။ ယမန်နှစ်က ဟာ့ဂျ်ဝတ်ပြုခရီးသွား ၂.၅ သန်းရှိခဲ့သည်။

 

Most Read

Most Recent