တရုတ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ယူအေအီးတွင် လူများနှင့်စမ်းသပ်မှု ဆောင်ရွက်ခွင့်ရရှိ

တရုတ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ယူအေအီးတွင် လူများနှင့်စမ်းသပ်မှု ဆောင်ရွက်ခွင့်ရရှိ
တရုတ်ဇီဝနည်းပညာကုမ္ပဏီ Yisheng Biopharma ၏ ဓာတ်ခွဲခန်းတွင် ဆောင်ရွက်နေသော သုတေသနပညာရှင်တစ်ဦးကို ဇွန် ၁၀ က တွေ့ရစဉ်
တရုတ်ဇီဝနည်းပညာကုမ္ပဏီ Yisheng Biopharma ၏ ဓာတ်ခွဲခန်းတွင် ဆောင်ရွက်နေသော သုတေသနပညာရှင်တစ်ဦးကို ဇွန် ၁၀ က တွေ့ရစဉ်
Published 24 June 2020
Ref: AFP

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို ယူအေအီးတွင် လူအမြောက်အမြား၌ စမ်းသပ်ရန် သဘောတူခွင့်ပြုချက်ရရှိခဲ့ကြောင်း တရုတ်ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း China National Biotec Group က ဇွန် ၂၃ တွင် ပြောကြားခဲ့သည်။

တရုတ်ပြည်တွင်းတွင် ဗိုင်းရပ်စ်လူနာ အများအပြား မရှိသောကြောင့် အလားအလာရှိသော ကာကွယ်ဆေးများအတွက် စမ်းသပ်မှုကို ပြည်ပတွင် ဆောင်ရွက်ရန် တရုတ်က ကြိုးပမ်းနေသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်ဒါဇင်ကျော်ကို စမ်းသပ်နေကြပြီး မည်သည့် ကာကွယ်ဆေးကမျှ အဆင့်(၃) စမ်းသပ်မှုကို အောင်မြင်ခြင်း မရှိသေးပေ။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက ထိရောက်ခြင်း ရှိ၊ မရှိကို စမ်းသပ်ရန် လူအများအပြား၌ စမ်းသပ်သည့် အဆင့်(၃) ကို  အောင်မြင်ရန် လိုအပ်သည်။

ယင်းအဆင့် (၃) စမ်းသပ်မှုကို ဆောင် ရွက်ရန်အတွက် လူထောင်နှင့်ချီပြီး ဆေးစမ်းရန် လိုအပ်သည်။ ပုံမှန်အားဖြင့် ထိုသို့စမ်းသပ်မှုကို ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသည့် နိုင်ငံများတွင် ဆောင်ရွက်ကြသည်။ သို့မှသာ ကာကွယ်ဆေး၏ထိရောက်မှုကို လက်တွေ့အခြေအနေတွင် စောင့်ကြည့်နိုင်မည်ဖြစ်သည်။

China National Biotec Group သည် ဗိုင်းရပ်စ်ကာကွယ်ရန်အတွက် ၎င်းတို့ ထုတ်လုပ်ထားသော နှစ်ကြိမ်ထိုး ကာကွယ် ဆေးကိုအဆင့်(၃) စမ်းသပ်မှု ဆောင်ရွက်နိုင်သည့် ပထမဆုံး တရုတ်ကာကွယ်ဆေး ဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် လူ ၄၇၀၀၀၀ ကျော်သေဆုံးစေထားသော ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် တရုတ်တွင် အစပြုခဲ့သော်လည်း ပြီးခဲ့သည့်လက တရုတ်တွင် ဗိုင်းရပ်စ် ကူးစက်မှုသည် တစ်ရက်လျှင် ပျမ်းမျှ ၁၀ ဦး အောက်သာ ရှိခဲ့သည်။ ထို့ကြောင့် တရုတ်သုတေသနပညာရှင်များသည် ပြည်ပတွင် ဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်ရန်အတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ယူအေအီးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၅၀၀၀ ကျော် ရှိသည့်အပြင် နေ့စဉ်ရာနှင့်ချီသော ကူးစက်မှုများ ထပ်တိုးနေဆဲဖြစ်သည့် နေရာဖြစ်သည်။

ယူအေအီးတွင် ကာကွယ်ဆေး စမ်းသပ်မည်ဆိုသည့်အကြောင်းကို Weibo လူမှုမီဒီယာတွင် China National Biotec Group က ကြေညာခဲ့ပြီး ထိုကာကွယ်ဆေး၏အမည်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

တရုတ်နိုင်ငံပိုင် China Nationla Pharmaceutical Group (Sino Pharm) ၏ လုပ်ငန်းခွဲဖြစ်သော CNBG သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်မျိုးကို စမ်းသပ်နေသည်။ ထိုကာကွယ်ဆေး နှစ်မျိုးအတွက် တရုတ်တွင် လူ ၂၀၀၀ ကျော်ကို စမ်းသပ်ထားပြီး ဖြစ်သည်။

အခြားသော တရုတ်လုပ်ငန်းများကလည်း ၎င်းတို့၏ကာကွယ်ဆေးများကို ပြည်ပတွင် စမ်းသပ်ရန် ကြိုးပမ်းနေကြသည်။ တရုတ်ဇီဝနည်းပညာလုပ်ငန်း CanSino Biologics သည် တရုတ်စစ်တပ်နှင့်် ပူးတွဲထုတ်လုပ်ထားသော ကာကွယ်ဆေးကို ကနေဒါတွင် လူ၌စမ်းသပ်ရန် ပြီးခဲ့သည့်လက သဘောတူညီချက် ရရှိခဲ့သည်။

တရုတ်ဇီဝနည်းပညာလုပ်ငန်း Clover Biopharmaceuticals သည် ကနဦးစမ်းသပ်မှုများအတွက် သြစတြေးလျတွင် လူနှင့် စမ်းသပ်မှုကို ဆောင်ရွက်ခဲ့သည်။ Sinovac Biotech ဆိုသည့် တရုတ်ကုမ္ပဏီကလည်း အဆင့်(၃) စမ်းသပ်မှုကို ဘရာဇီးတွင် စေတနာ့ဝန်ထမ်း ၉၀၀၀ ကျော်နှင့် ဆောင်ရွက်ရန် ရည်မှန်းထားသည်။ ပေကျင်းအခြေစိုက် Sinovac Biotech သည် ဘရာဇီးတွင် စမ်းသပ်ရန်အတွက် သဘောတူညီချက် မရရှိသေးပေ။

တရုတ်အပြင် အခြားနိုင်ငံများမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည်လည်း အဆင့်(၃) စမ်းသပ်မှု ဆောင်ရွက်ရန် တာစူနေကြသည်။ အောက်စ်ဖို့တက္ကသိုလ်နှင့် Astra Zeneca တို့ ပူးတွဲထုတ်လုပ်နေသော ကာကွယ်ဆေးကို ဘရာဇီးတွင် လူ ၂၀၀၀ ၌ စမ်းသပ်မှုကို ယခုလအတွင်း အစောဆုံးထား ဆောင်ရွက်ဖွယ်ရှိသည်။

အမေရိကန် မက်ဆာချူးဆက်အခြေစိုက် Moderna ကလည်း လူ ၃၀၀၀၀ တွင် ကာကွယ်ဆေး စမ်းသပ်မှုကို အမေရိကန်၌ လာမည့်လတွင် ဆောင်ရွက်မည်ဖြစ်သည်။

 

Most Read

Most Recent