Quarantine ၂၁ ရက် ဝင်ရမည်ကို ရှောင်ရန် စျေးဝယ်ကားနှင့်လိုက်ပြီး ခိုးဝင်လာသည့် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားနှင့် ကားသမားအား ထောင်ဒဏ် လေးလစီ ချမှတ်

Quarantine ၂၁ ရက် ဝင်ရမည်ကို ရှောင်ရန် စျေးဝယ်ကားနှင့်လိုက်ပြီး ခိုးဝင်လာသည့် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားနှင့် ကားသမားအား ထောင်ဒဏ် လေးလစီ ချမှတ်
Published 22 June 2020
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်း အလုပ်လုပ်နေပြီး နေရပ်မြဝတီသို့ ပြန်လာစဉ် Quarantine ၂၁ ရက် ဝင်ရမည်ကို ရှောင်ချင်၍ စျေးဝယ်ကားနှင့်လိုက်ပြီး ခိုးဝင်လာသည့် ထိုင်းပြန် အလုပ်သမား အမျိုးသမီးတစ်ဦးအား ဇွန် ၂၂ ရက်က ထောင်ဒဏ်လေးလ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတား Cargo စစ်ဆေးရေးဂိတ် တာဝန်ကျ ရဲအုပ် အောင်ကျော်မင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံဘက်မှ ပြန်လည် ဝင်ရောက်လာသော မော်တော်ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် ယာဉ်မောင်း အေးမင်းထွန်း၊ (၂၇ နှစ်) မြဝတီမြို့နေသူ မောင်းနှင်လာသည့်  ကော်ပစ္စည်းများ တင်ဆောင်ထားသော မော်တော်ယာဉ်ကို စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် ထိုင်းမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ဒေါ်မိုးသူဇာ (၃၅ နှစ်) မြဝတီမြို့နေသူ လိုက်ပါလာသည်ကို  စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ဒေါ်မိုးသူဇာအား BCF ဇုန် ကျန်းမာရေးဌာနတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမည်ကို ပို့ဆောင်ခြင်းမရှိဘဲ Cargo ကုန်ပစ္စည်း စစ်ဆေးရေးဂိတ်ဘက်မှ ခိုးဝင် သယ်ဆောင်လာသဖြင့် ယာဉ်မောင်း အေးမင်းထွန်းနှင့် ယာဉ်ပေါ်၌ ခိုးဝင်လိုက်ပါလာသူ ဒေါ်မိုးသူဇာတို့ နှစ်ဦးအား ကျန်းမာရေးဌာနက အမှုဖွင့်အရေးယူ ဆောင်ရွက်ရန် မြဝတီမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက အမှုဖွင့် အရေးယူပေးရန် တိုင်တန်းသဖြင့် တရားရုံးသို့ အမှတ်စဉ် (၁၅၈/ ၂၀၂၀) ဖြင့် လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီး ဦးဝေဇင်မန်းက ရာကြီး (၈၆၈/၂၀၂၀)ဖြင့် လက်ခံစစ်ဆေးပြီး ညနေ ၄ နာရီတွင် တရားခံနှစ်ဦးအား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ အရ အလုပ်နှင့်ထောင်ဒဏ် လေးလစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent