အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘိုတန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များအကြား ထိပ်သီးအကြောင်းကို သူ၏မကြာမီထွက်လာမည့် စာအုပ်တွင် မတိမကျနှင့် ပုံဖျက်ရေးသားထားကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဇွန် ၂၂ တွင် စွပ်စွဲပြောကြားခဲ့သည်။
ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ထိပ်သီးမတိုင်မီနှင့် နောက်ပိုင်းသုံးကြိမ် တွေ့ဆုံမှုအကြောင်းကို ဘိုတန်၏စာအုပ်တွင် အသေးစိတ် ဖော်ပြထားသည်။ ဘိုတန်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ “The Room Where It Happened: A White House Memoir” ကို ဇွန် ၂၃ တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး မီဒီယာများကို မိတ္တူများ ပေးထားပြီးဖြစ်သည်။
ကင်နှင့်ထရန့်တို့တွင် ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ကိုယ်ပိုင်အစီအစဉ်များ ရှိနေပြီး မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်လိုသော တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းသည် လက်တွေ့မကျသော မျှော်မှန်းချက်များကို မျှော်လင့်ခဲ့ကြောင်း ဘိုတန်က ရေးသားထားသည်ဟု စာအုပ်ကောက်နုတ်ချက်များက ဖော်ပြထားသည်။
“ဒါဟာ အဖြစ်မှန်တွေကို တိတိကျကျ မထင်ဟပ်သလို တကယ့်အချက်အလက်မှန်တွေကို ကြီးကြီးမားမား ပုံဖျက်ထားတာပါ” ဟု တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ချန်အွေယုံက ဘိုတန်၏ဖော်ပြချက်များကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။
မတိကျဟု တောင်ကိုရီးယားဘက်က ယူဆသော အကြောင်းအရာများနှင့် ပတ်သက်၍ ချန်က အသေးစိတ် မဖော်ပြခဲ့ဘဲ ဘိုတန်၏စာအုပ်သည် အနာဂတ် စေ့စပ်ညှိနှိုင်းမှုများကို ထိခိုက်စေနိုင်ကြောင်း၊ အန္တရာယ်ကြီးသော အစဉ်အလာကို ဖြစ်စေခဲ့ကြောင်း ချန်က ပြောကြားခဲ့သည်။
ထရန့်နှင့်ကင်တို့သည် ၂၀၁၈ ဇွန်တွင် စင်ကာပူ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီယားက နျူကလီးယားလက်နက် စွန့်လွှတ်ရန် ဖိအားပေးနိုင်မည်ဟု မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။
သို့သော်လည်း ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဗီယက်နမ်၌ ထရန့်နှင့်ကင်တို့ ဒုတိယအကြိမ် တွေ့ဆုံရာ မြောက်ကိုရီးယား၏ အဓိက နျူကလီးယားစက်ရုံကို စွန့်လွှတ်ပေးပြီး အပြန်အလှန်အနေနှင့် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန် ကင်၏ကမ်းလှမ်းမှုကို ထရန့်ကပယ်ချခဲ့သဖြင့် ထိုထိပ်သီးလည်း ပျက်ပြားခဲ့သည်။
မြောက်ကိုရီးယား၏ ယဗြွန်း နျူကလီးယားစက်ရုံကို ဖျက်သိမ်းလိုသော ကင်၏ဆန္ဒသည် နျူကလီးယားဖျက်သိမ်းရေးအတွက် အလွန်အဓိပ္ပာယ်ရှိသော ပထမခြေလှမ်းဖြစ်ကြောင်း ဘိုတန်က ရေးသားခဲ့သည်။ တစ်ဖက်တွင် ကင်၏ကမ်းလှမ်းချက်ကို ပယ်ချရန် ထရန့်က ဆုံးဖြတ်ခြင်းသည် မှန်ကန်ကြောင်းလည်း ဘိုတန်က ရေးခဲ့ပြန်သည်။
တောင်ကိုရီးယား သမ္မတ မွန်းသည် ကင်၏မဟာဗျူဟာ၊ အမေရိကန်၏ မဟာဗျူဟာတို့ထက် တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို ပိုအလေးထားခဲ့ကြောင်း ဘိုတန်က ဝေဖန်ခဲ့သည်။ မွန်း၏အနေအထားသည် “အလွန်ကစဉ့်ကလျားဆန်” ကြောင်းလည်း ဘိုတန်က ရည်ညွှန်းခဲ့သည်။
မွန်းကို ထိုကဲ့သို့ ရေးသားရည်ညွှန်းမှုအတွက် မှတ်ချက်မေးမြန်းခဲ့ရာ ဘိုတန်က သူ့ကိုယ်သူ ပြန်အကဲဖြတ်ရမည့် ကိစ္စဖြစ်ကြောင်း၊ သူကိုယ်တိုင် ထိုသို့ကစဉ့်ကလျား ဖြစ်နေသည်ဟု ယူဆကြောင်း တောင်ကိုရီးယား သမ္မတရုံး ပြောခွင့်ရသူက တုံ့ပြန်ခဲ့သည်။
ဘိုတန်သည် သူ၏စာအုပ်မထွက်မီ ပထမဆုံးအင်တာဗျူးအဖြစ် ABC News နှင့်တွေ့ဆုံမှုတွင် ကင်နှင့်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ထရန့်ဘက်မှ သိမှတ်လက်ခံထားမှုကို ကင်က ဟားတိုက်ရယ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ကင်ဂျုံအွန်က သူ့ကိုချစ်ခင်သည်ဟု ထရန့်က ယုံကြည်ထားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့မှုကို ဘိုတန်က “သမ္မတက မီဒီယာတွေကို ထုတ်ပြတဲ့ စာတွေက မြောက်ကိုရီးယား အလုပ်သမားပါတီ ၀ါဒဖြန့်ချိရေးရုံးက အရာထမ်းတစ်ချို့ ရေးထားတဲ့ စာတွေ။ အဲဒီစာတွေဟာ ဒီရင်းနှီးတဲ့ဆက်ဆံရေးရဲ့ သက်သေတွေလို့ သမ္မတက သတ်မှတ်နေတာပါ” ဟု ဘိုတန်က ပြောကြားခဲ့သည်။
ထရန့်သည် သမ္မတရုံးအတွက် သင့်တော်သူဟု မထင်မြင်ကြောင်းနှင့် သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ရမည့်သူ ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဘိုတန်က ပြောကြားခဲ့သည်။
နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ထရန့်နှင့် ဒီမိုကရက်ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒင်တို့ နှစ်ဦးစလုံးကို မဲပေးမည် မဟုတ်ဘဲ ကွန်ဆာဗေးတစ် ရီပတ်ဘလီကင် တစ်ဦးကို မဲပေးရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ဘိုတန်က ပြောကြားခဲ့သည်















