ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း တစ်သန်းကျော်အနက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၀၀၀ နီးပါးရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်သည့် ဘရာဇီးတွင် ဇွန် ၁၉ ရက်၌ ဗိုင်းရပ်စ်ကြောင့် ၁၂၀၆ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၄၈၉၅၄ ဦးရှိလာပြီး အတည်ပြုလူနာဦးရေ စုစုပေါင်း ၁၀၃၂၉၁၃ ဦး ရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုကို ဖေဖော်ဝါရီ ၂၆ ရက်တွင် အတည်ပြုခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် တိုက်တစ်တိုက်အရွယ်အစားရှိသော ဘရာဇီးနိုင်ငံတစ်ဝန်း ပျံ့နှံ့လာခဲ့ပြီးနောက် လက်ယာယိမ်းသမ္မတ ဘော်ဆိုနာရိုကို ထောက်ခံမှုများ တစ်စတစ်စကျဆင်းခဲ့မှုအပြင် နှစ်ပေါင်းများစွာ တိုးတက်မှု အားရစရာမကောင်းသော နိုင်ငံ၏စီးပွားရေး ပြိုလဲမှုဖြစ်မည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။
ဇွန် ၁၉ ရက် ဒေသစံတော်ချိန် ညနေခြောက်နာရီတွင် တရားဝင်ထုတ်ပြန်သည့် စာရင်းအင်းများထက် ဘရာဇီးတွင် အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းက ပိုများသည်ဟု ပညာရှင်များက နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှု မရှိသည်များကို ကိုးကားပြောကြားခဲ့သည်။
“ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုပမာဏကို ငါးဆကနေ ၁၀ ဆအထိလျှော့ပြီး ထုတ်ပြန်တဲ့အတွက်ကြောင့် အတည်ပြုလူနာ တစ်သန်းက အမှန်တကယ် ကူးစက်တဲ့အရေအတွက်ထက် အများကြီးနည်းနေတယ်။ အမှန်တကယ် ကူးစက်တဲ့သူအရေအတွက်က သုံးသန်းထက် မနည်းရှိနိုင်ပြီး ၁၀ သန်းကျော်အထိ မြင့်တက်လာနိုင်ခြေရှိတယ်” ဟု ဆော်ပေါလိုတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပါမောက္ခ Alexandre Naime Barbosa က ပြောကြားခဲ့သည်။
ဘရာဇီးတွင် နေ့စဉ်ပျမ်းမျှဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၂၅၀၀၀ ကြောင့် ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် သေဆုံးသူ ၁၀၀၀၀ ရှိခဲ့သည်။
ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဦးရေသည် စံချိန်တင် တစ်သန်းကျော်ရှိခဲ့ပြီးဖြစ်သည်ဟု ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများထံမှ စာရင်းအင်းများကို တစ်သီးပုဂ္ဂလ လေ့လာပြုစုခဲ့သည့် ဘရာဇီး သတင်းမီဒီယာအဖွဲ့အစည်းက ဇွန် ၁၉ ရက် မွန်းလွဲ မတိုင်မီကပင် ထုတ်ပြန်ခဲ့သည်။
COVID-19 ရောဂါသည် ဥရောပနိုင်ငံများမှ ဆော်ပေါ်လို၊ ရီယိုဒီဂျနေးရိုး အစရှိသည့် ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းရှိ အဓိကမြို့ကြီးများသို့ ပြန်လည်ရောက်ရှိလာသည့် ချမ်းသာကြွယ်ဝသော ခရီးသွားများထံမှတစ်ဆင့် ဘရာဇီးနိုင်ငံအတွင်းသို့ ဗိုင်းရပ်စ်ရောက်ရှိလာခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ မြို့ ၈၂ ရာခိုင်နှုန်းခန့်သို့ ပျံ့နှံ့ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
ဘရာဇီးသမ္မတဘော်ဆိုနာရိုသည် ဗိုင်းရပ်စ်အကျပ်အတည်းအား ၎င်း၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသည်။ သမ္မတနှင့် ပဋိပက္ခဖြစ်ပြီးနောက် ကျန်းမာရေးဝန်ကြီးနှစ်ဦး နုတ်ထွက်ခဲ့ပြီးနောက် ဧပြီ နောက်ပိုင်းမှစပြီး ဘရာဇီးတွင် အမြဲတမ်းကျန်းမာရေးဝန်ကြီး မရှိခဲ့ပေ။
ဘော်ဆိုနာရိုသည် Social Distancing ကို ရှောင်ရှားခဲ့ပြီး ယင်းသည် အလုပ်အကိုင်ကို ဆုံးရှုံးစေသည့် လုပ်ဆောင်ချက်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုထက် ပိုပြီးအန္တရာယ်များသည်ဟု ပြောကြားခဲ့သည်။
ငှက်ဖျားတိုက်ဖျက်ရေးဆေးများဖြစ်သည့် Chloroquine နှင့် Hydroxychloroquine တို့သည် ဗိုင်းရပ်စ်ကုသမှုအတွက် အလုပ်ဖြစ်သည်ဆိုသော သက်သေအထောက်အထား အနည်းငယ်သာရှိသော်လည်း ယင်းတို့ကို ဗိုင်းရပ်စ်ပျောက်ကင်းသည့် ဆေးဝါးများဟု ဘော်ဆိုနာရိုက ကြေညာခဲ့သည်။
လနှင့်ချီကြာသည့် ထိရောက်မှုမရှိသော ပြည်နယ်နှင့် ဒေသန္တရဆိုင်ရာ ကန့်သတ်အမိန့်များနှင့်ပတ်သက်ပြီး ဘော်ဆိုနာရိုထံမှ ဖိအားပေးမှုနှင့် လူထုက စိတ်ကုန်လာမှုကြောင့် ကုန်သွယ်ရေးနှင့် စီးပွားရေးတို့နှင့် ပတ်သက်သည့် ကန့်သတ်ချက်များကို အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့တော်ဝန်များက ဖယ်ရှားပေးခဲ့သည်။
ကန့်သတ်ချက်များ လျော့တိလျော့ရဲဖြစ်ခြင်းများကြောင့် ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ မြင့်တက်လာနိုင်ခြေရှိသည်ဟု ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။ ဆိုးရွားသည့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဘရာဇီးနိုင်ငံ၏ ယခုနှစ်စီးပွားရေးသည် ၄.၇ ရာခိုင်နှုန်း ကျုံ့သွားနိုင်ခြေရှိသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုတွင်လည်း ဇွန် ၁၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ် ၅၀၃၀ နှင့် သေဆုံးသူသစ် ၆၄၇ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် ဇွန် ၁၉ ရက်တွင် သေဆုံးသူ စုစုပေါင်း ၂၀၀၀၀ ကျော်ရှိလာပြီ ဖြစ်သည်။ မက္ကဆီကိုတွင် အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်သည့်အရေအတွက်သည် အတည်ပြုခဲ့သည့် ဦးရေထက် သိသိသာသာ မြင့်တက်လာနိုင်ခြေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့ပြီး ယခုအခါ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀၄၈၅ ဦးနှင့် သေဆုံးသူ ၂၀၃၉၄ ဦး ရှိလာပြီဖြစ်သည်။















