အွန်လိုင်းတွင် သတင်းပျံ့နှံ့နေသကဲ့သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဘတ်ဂျက်တောင်းခံပေးခြင်း မဟုတ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိဟု ပြန်/ဆက် ခေတ္တညွှန်ချုပ် ပြောကြား

အွန်လိုင်းတွင် သတင်းပျံ့နှံ့နေသကဲ့သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဘတ်ဂျက်တောင်းခံပေးခြင်း မဟုတ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်လျက်ရှိဟု ပြန်/ဆက် ခေတ္တညွှန်ချုပ် ပြောကြား
 ဇွန် ၁၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်  စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းလင်းစဉ်
ဇွန် ၁၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်  စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းလင်းစဉ်
Published 17 June 2020
အောင်မင်းသိန်း

အွန်လိုင်းတွင် သတင်းပျံ့နှံ့နေသကဲ့သို့  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဘတ်ဂျက်တောင်းခံပေးနေခြင်း မဟုတ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်  နိုင်ငံတော်ဘဏ္ဍာငွေကို စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြောကြားသည်။

ဇွန် ၁၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဝန်ကြီးဌာနကို လွှဲပြောင်းပေးထားသည့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းအား မည်သို့ဆက်လက် ဆောင်ရွက်နေသနည်းဆိုသည့် မီဒီယာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုတောင်းခံတဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဘတ်ဂျက်လျာထားပြီးတော့ တောင်းပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လျာထားတောင်းခံတဲ့ငွေတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ ကျွန်တော်တို့ဌာနကပဲ တာဝန်ရှိတဲ့သူတွေက ကြီးကြပ်သုံးစွဲပြီးတော့မှသာလျှင် စာရင်းစစ်ခံရတာ ဖြစ်ပါတယ်” ဟု ဦးအေးကြွယ်က ပြောကြားသည်။

ဒေါ်ခင်ကြည်ဖောင်ဒေရှင်းက ရွေ့လျားစာကြည့်တိုက်ယာဉ်၊ ကွန်ပျူတာများနှင့် စာအုပ်စာစောင်များအပါအဝင် ငွေကျပ် သန်း ၁၀၀၀ ကျော်တန်ဖိုးရှိ စက်ကိရိယာပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာနပိုင်အဖြစ် လွှဲပေးခဲ့ခြင်းကြောင့် လုပ်ငန်းများ ပုံမှတ်လည်ပတ်ရန် ဌာန၏ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေကြောင်း ၎င်းဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီးတော့ ရွေ့လျားစာကြည့်တိုက်ယာဉ်တွေနဲ့ ကျွန်တော်တို့က စာကြည့်တိုက်၊ စာငှားလုပ်ငန်းတွေကို စာသင်ကျောင်းတွေ၊ ကျေးရွာတွေအရောက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အခါမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ ဒီလုပ်ငန်းတွေက အထိုက်အလျောက် အောင်မြင်မှုတွေ ရှိလာတယ်။ ရှိလာတဲ့အတွက်ကြောင့်မို့လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ တခြားရည်ရွယ်ချက်၊ တခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ၊ တခြားလုပ်ငန်းတွေမှာ သူတို့လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့အတွက် သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအောင်မြင်နေတဲ့လုပ်ငန်းကြီးတစ်ခုကလည်းပဲ NOG အဖွဲ့အစည်းတစ်ခုကနေ ဆောင်ရွက်နေတာထက် ဝန်ကြီးဌာနတစ်ခုကနေ ဦးစီးဦးဆောင် ဆောင်ရွက်ရင် ပိုပြီးတော့ လုပ်ငန်းတွေအောင်မြင်လာလိမ့်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကိုလွှဲပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို လွှဲပေးခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ရွေ့လျားစာကြည့်တိုက် ယာဉ် ၁၇ စီးနဲ့ ကွန်ပျူတာတွေ၊ စာအုပ်၊စာစောင်တွေ ငွေကျပ်သန်းပေါင်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ စက်ကိရိယာပစ္စည်းတွေ ကျွန်တော်တို့ကို လွှဲပေးပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးအေးကြွယ်က “ဒီအတွက် ကျွန်တော်တို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာ လွှဲပေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကဌာနသည် လွှဲပေးခဲ့တဲ့ ပစ္စည်းတွေကလည်းပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ကျွန်တော်တို့ဝန်ကြီးဌာနကို အပြီးအပိုင် နိုင်ငံတော်ကို လွှဲပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနရဲ့ ဌာနပိုင်ပစ္စည်းစာရင်းလည်း သွင်းပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းတွေကို ပုံမှန်လည်ပတ်ဖို့အတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်တွေ ပုံမှန်လည်ပတ်ဖို့အတွက် ကျွန်တော်တို့က စက်သုံးဆီတွေ၊ လိုအပ်တဲ့ဟာကို တောင်းခံရပါတယ်။ ဒီလိုပဲ ရွေ့လျားစာကြည့်တိုက်ယာဉ်တွေနဲ့ စာအုပ်တွေငှားဖို့အတွက် စာအုပ်တွေဖြည့်တင်းဖို့အတွက် ဘတ်ဂျက်လျာထားရပါတယ်” ဟု ပြောကြားသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဝန်ကြီးဌာနအကြားရေးထိုးသည့် MoU ကို ပူးပေါင်းရန်အတွက် e-Library Services နှင့် ဆောင်ရွက်ရမည့် ဝန်ထမ်းများကိုလည်း လုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်၍ ရရှိနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

“ကျွန်တော်တို့ လက်ရှိလွှဲပြောင်းလက်ခံတဲ့အခါမှာ နေ့စားဝန်ထမ်း ၂၄ ဦးကို ရွေ့လျားစာကြည့်တိုက်ယာဉ်တွေနဲ့ သွားရောက်ဝန်ဆောင်မှုပေးတဲ့အခါမှာ ဆောင်ရွက်နေတဲ့ နေ့စားဝန်ထမ်း ၂၄ ဦးရှိပါတယ်။ ဒါတွေကိုတော့ လက်ရှိလည်း နေ့စားဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားပြီးတော့ တာဝန်ပေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးအေးကြွယ်က ပြောကြားသည်။

မည်သည့်ဖောင်ဒေရှင်းမဆို ယင်းလုပ်ငန်းများကို တိုးမြှင့်၍လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်သို့ လှူဒါန်းပါက ဝန်ကြီးဌာအနေဖြင့် လက်ခံကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဖြည့်စွက်ပြောကြားသည်။

 

Most Read

Most Recent