ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ပိုးသတ်ဆေးဖျန်းဥမင် ထားရှိ

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ပိုးသတ်ဆေးဖျန်းဥမင် ထားရှိ
ဇွန် ၁၂ ရက်က မော်စကိုတွင် ရုရှားအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဧည့်သည်များနှင့် စကားပြောနေသော ပူတင် (ဝဲ)
ဇွန် ၁၂ ရက်က မော်စကိုတွင် ရုရှားအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဧည့်သည်များနှင့် စကားပြောနေသော ပူတင် (ဝဲ)
Published 17 June 2020
Ref: AFP

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပိုးသတ်ဆေးဖျန်းဥမင်ဖြင့် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နေကြောင်း၊ မော်စကိုမြို့ပြင်ရှိ ၎င်း၏ နေအိမ်သို့ လာရောက်တွေ့ဆုံသူများသည် ယင်းဥမင်ကို ဖြတ်သန်းရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သမ္မတပူတင်သည် ဇွန် ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ရုရှားအမျိုးသားနေ့ Russia Day အားလပ်ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် နှာခေါင်းစည်းမတပ်ဘဲ လူထုရှေ့မှောက် သွားရောက်ခဲ့သော်လည်း Lockdown စီမံချက်အရ မော်စကိုမြို့ပြင်ရှိ ၎င်း၏Novo- Ogaryovo ဂေဟာတွင်  သီးခြားခွဲ၍ နေထိုင်ခဲ့သည်။

သမ္မတကို ဗိုင်းရပ်စ်မကူးစက်စေရန် ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ် ဧည့်သည်များသည် စက်တပ်ထားသည့် ပိုးသတ်ဆေးဖျန်း ဥမင်ထဲသို့ ဖြတ်လျှောက်ပြီး  အပေါ်နှင့် ဘေးမှ ပိုးသတ်ဆေးဖြင့် ဖျန်းပက်ခံခဲ့ရသည့် သရုပ်ပြဗီဒီယိုကို နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မော်စကိုအရှေ့ပိုင်းရှိ Penza ဒေသအခြေစိုက် ရုရှားကုမ္ပဏီတစ်ခုက ဖန်တီးခဲ့သည့် ယင်းပိုးသတ်ဆေးဖျန်း ဥမင်သည် နိုင်ငံတော်အကြီးအကဲနှင့် ၎င်းထံသို့ လာရောက်သူများကို ဘေးကင်းလုံခြုံမှုရှိစေမည်ဖြစ်ကြောင်း ယင်းဒေသမှ အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းပိုးသတ်ဆေးဖျန်းဥမင်တွင် မျက်နှာဖတ်သည့် နည်းပညာပါဝင်ပြီး လူ၏ကိုယ်အပူချိန်ကို တိုင်းတာနိုင်ကြောင်း ထုတ်လုပ်သူများက ပြောကြားခဲ့သည်။

ကရင်မလင်သည် သမ္မတပူတင်နှင့် ၎င်းနှင့် ထိတွေ့ဆက်ဆံသူအားလုံးကို ပုံမှန်ဗိုင်းရပ်စ် စစ်ဆေးမှုများအပါအဝင် သမ္မတအား ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ရန်အတွက် စီမံချက်များစွာကို ချမှတ်ခဲ့သည်။

ဧည့်သည်များသည် ပူတင်နှင့်မတွေ့ဆုံမီ ဗိုင်းရပ်စ်စစ်ဆေးမှုခံယူခဲ့ရသည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ပူတင်သည် ဧပြီတွင် တာဝန်ရှိသူများဖြင့် ဗီဒီယိုညှိနှိုင်းအစည်းဝေးများစတင်ပြု လုပ်ခဲ့သော်လည်း ချွင်းချက်အနေဖြင့် လူအနည်းငယ်ဖြင့် အစည်းဝေးများပြုလုပ်ခဲ့သည်။

ပူတင်သည် ဧရာမရေနံကုမ္ပဏီ Rosneft ၏ အကြီးအကဲဖြစ်သူ Igor Sechin နှင့် မေ ၁၂ ရက်တွင် လူကိုယ်တိုင်တွေ့ဆုံဆွေး နွေးခဲ့သည်။

ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စီမံချက်များချထားသော်လည်း သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov အပါအဝင် ၎င်း၏ အဝန်းအဝိုင်းမှ အချို့သည် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။ Dmitry Peskov က ဗိုင်းရပ်စ်မကူးစက်ခံရမီ ကာလကတည်းက သမ္မတနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟုဆိုသည်။

မတ်တွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ချိန်တွင် ပူတင်သည် နှာခေါင်းစည်းတပ်ဆင် ခြင်းမရှိဘဲ မော်စကိုရှိ ဆေးရုံတစ်ခုသို့ သွားရောက်ခဲ့ပြီး ဆေးရုံအကြီးအကဲဖြစ်သည့် ဒေါက်တာ Denis Protsenko နှင့် လက်ဆွဲနှုတ်ဆက်နေပုံများကို ရုပ်သံတွင် ပြသခဲ့သည်။ မကြာမီ ယင်းဆရာဝန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ပူတင်ကို နောက်ထပ်သမ္မတ သက်တမ်းထမ်းဆောင်ခွင့်ရစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဇူလိုင် ၁ ရက်တွင်  ပြုလုပ်မည်ဟု ကရင်မလင်က ထုတ်ပြန်ခဲ့ပြီးနောက် ပူတင်ကို ဗိုင်းရပ်စ်မကူးစက်စေရန်အတွက် ကြိုတင်ကာကွယ်မှုများအသေးစိတ် ပြင်ဆင်ထားမှုများကြောင့် အချို့က ဒေါသဖြစ်ခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀၀ ကျော်ရှိသည့် ရုရှားသည် ဘရာဇီးနှင့် အမေရိကန်ပြီးလျှင် ကမ္ဘာတွင်ဗိုင်းရပ်စ် ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်သော်လည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၈၄ ဦးသာရှိသည်။ များများစစ်ဆေးသည့် အစီအစဉ်ကြောင့် ယင်းအရေအတွက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent