လူငယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရေးမှာ စပွန်ဆာအပြည့်အဝရရှိမှုအပေါ် အဓိကမူတည်နေပြီး အပြီးရပ်နားလိုက်ခြင်းမဟုတ်ဘဲ ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနေဟု MFF အထွေထွေအတွင်းရေးမှူး ပြောကြား

လူငယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရေးမှာ စပွန်ဆာအပြည့်အဝရရှိမှုအပေါ် အဓိကမူတည်နေပြီး အပြီးရပ်နားလိုက်ခြင်းမဟုတ်ဘဲ ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းနေဟု MFF အထွေထွေအတွင်းရေးမှူး ပြောကြား
Photos : MNL Facebook
Photos : MNL Facebook
Published 16 June 2020

၂၀၂၀ ရာသီ MNLလူငယ်အမှတ်ပေးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရန်အတွက် အဓိကလိုအပ်နေသည်မှာ စပွန်ဆာအပြည့်အဝရရှိရန်ဖြစ်ပြီး အပြီးရပ်နားလိုက်ခြင်း မဟုတ်ဘဲ ပြန်လည်ကျင်းပနိုင်ရန်ကြိုးပမ်းနေကြောင်း လိဂ်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

ဇွန် ၁၀ ရက်ကပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးတွင် လူငယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပနိုင်ရန်အတွက် အချိန်ရော ဘတ်ဂျက်ရောအရပါ မဖြစ်နိုင်တော့ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ လိဂ်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းအား မီဒီယာများက မေးမြန်းရာ ၎င်းက ''အစည်းအဝေးမှာတော့ လူငယ်ပြိုင်ပွဲတွေကို ဖျက်မယ်ဆိုတာတော့ တရားဝင်ဆုံးဖြတ်တာမျိုးမရှိသေးပါဘူး။ လက်ရှိ စပွန်ဆာတွေရရှိတဲ့အပေါ်မှာ မူတည်ပြီး လုပ်မယ်ဆိုတာကိုတော့ ယာယီအားဖြင့် ကျွန်တော်တို့လုပ်ထားတယ်။ ဖျက်မယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ လုပ်မထားသေးဘူး။ စပွန်ဆာတွေရဲ့ Income က ရာ နှုန်းပြည့်မရဘူးဆိုရင် ပြိုင်ပွဲဆက်ကျင်းပဖို့အတွက် တော်တော်လေးခက်တဲ့အနေအထား ဖြစ်တယ်။ စပွန်ဆာတွေရဲ့ Income မရှိဘဲနဲ့ ဘယ်လိုဘက်ဂျက်နဲ့သွားမလဲဆိုတာက ကျွန်တော်တို့အတွက် တော်တော်ကြီးတဲ့ Issue ဖြစ်နေတာပေါ့။ ကျွန်တော့်အနေနဲ့ လတ်တလောမှာ ပြောနိုင်တာကတော့ စပွန်ဆာရနိုင်ဖို့ ကြိုးစားနေတယ်။ စပွန်ဆာရတဲ့ အပေါ်မူတည်ပြီး လူငယ်ပြိုင်ပွဲတွေ ဆက်ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်''ဟု ဖြေကြားသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီလက်အောက်၌ MNL နှင့် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲများအပြင် ယူ-၂၁ နှင့် ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိပြီး COVID-19 ၏ အရေးပေါ်အခြေအနေကြောင့် ပြီးခဲ့သည့် မတ်လမှစတင်ကာ ရပ်နားခဲ့ခြင်းဖြစ်သည်။

ယူ-၂၁ လိဂ်ပြိုင်ပွဲတွင် ၁၉ သင်းနှင့် ယူ-၁၉ လိဂ်ပြိုင်ပွဲတွင် အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမအကျော့ တစ်ဝက်သာကျင်းပရသေးကြောင်း သိရသည်။

Most Read

Most Recent