ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်အပေါ်မူတည်၍ WLC ပြိုင်ပွဲများကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပရန် စီစဉ်ထား

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်အပေါ်မူတည်၍ WLC ပြိုင်ပွဲများကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပရန် စီစဉ်ထား
Photos : WLC Facebook
Photos : WLC Facebook
Published 9 June 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက်အပေါ်မူတည်၍ မြန်မာလက်ခမောင်းကုမ္ပဏီ၏ WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပရန် စီစဉ်နေကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

''အစီအစဉ်တွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ချမှတ်ထားတာတွေရှိပါတယ်။ မြန်မာလက်ခမောင်းအနေနဲ့ WLC ပြိုင်ပွဲတွေကို ဆက်ပြီးကျင်းပနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အဲဒီနေရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အပေါ် မူတည်ပြီး ပြိုင်ပွဲတွေကို ဆက်ကျင်းပခွင့်ရအောင် ကြိုးစားနေပါတယ်။ လက်ရှိမှာ ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပနိုင်ဖို့ စီစဉ်နေတာတွေရှိပါတယ်။ ခွင့်ပြုမိန့်အပေါ်မူတည်ပြီး အရင်အတိုင်း ပြန်ကျင်းပခွင့်ရမလား။ ဒါမှဟုတ် ပရိသတ်မပါဘဲနဲ့ ရုပ်သံကပဲပြပြီး တံခါးပိတ်ကျင်းပမလားဆိုတာကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အပေါ် မူတည်ပါတယ်။ ခွင့်ပြုတဲ့အပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပါ''ဟု မြန်မာလက်ခမောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် လက်ရှိအချိန်တွင် ပြိုင်ပွဲများကျင်းပမှု ရပ်နားထားပြီး ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပရန် စီစဉ်ထားသည့် WLC:12 မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကိုလည်း စက်တင်ဘာလအတွင်းသို့ ပြောင်းလဲကျင်းပရန်အတွက် စီစဉ်ထားသည်။

''ကျွန်တာ်တို့ဆီမှာ အရန်အစီအစဉ်တွေအနေနဲ့ လုပ်ရမယ့်အရာတွေရှိပါတယ်။အဲဒီအထဲမှာ ပြိုင်ပွဲတွေ ဆက်ပြီးကျင်းပနိုင်မယ့် အခြေအနေလည်း ပါဝင်နေပါတယ်။ ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပမယ့် ပွဲစဉ် တွေကို လောလောဆယ် လျာထားချက်ကတော့ ရန်ကုန်မှာပဲ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲများကို တစ်နှစ်လျှင် ငါးပွဲခန့် ကျင်းပလေ့ရှိပြီး ၂၀၂၀ ပြည့်နှစ်အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မြို့၌ တစ်ပွဲသာ ကျင်းပရသေးသည်။

WLC ပြိုင်ပွဲများတွင် လက်ရှိအချိန်အထိ ၀ိတ်တန်းလေးခုအတွက် ကမ္ဘာ့ချန်ပီယံလေးဦး ထွက်ပေါ်ထားပြီး COVID-19 ကာလအပြီး ပြန်လည်စတင်မည့်ပွဲစဉ်များတွင် လိုက်မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ ဆာရှာမွိုင်ဆာနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်လာဖွယ်ရှိနေသည်။

Most Read

Most Recent